အပိုင်း ( ၁ )

20K 928 119
                                    

အပိုင်း - ၁

"အခုပဲ ရောက်တယ် မာမီ "

ခက်ခဲပင်ပန်းလှတဲ့ လောကကြီးထဲမှာ လူတွေဘာကြောင့် ရှင်သန်နေရသလဲ။ ဘယ်လိုမျိုး ပန်းတိုင်တွေကို ထားရှိပြီးတော့ ဘဝကိုဖြတ်သန်းနေကြသလဲ။ စိတ်ပျက်လက်ပျက်နဲ့ လမ်းလျှောက်နေကြတဲ့လူတွေ၊ လက်ချင်းတွဲကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ပြုံးပျော်နေကြတဲ့လူတွေ။ လူလူချင်းတူပေမယ့် ရှင်သန်ဖြတ်သန်းရပုံချင်း ကွာခြားတယ်ဆိုတဲ့ သင်ခန်းစာတွေကို လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်မ သိနားလည်လာခဲ့ရသည်။

ကျွန်မ ဖြတ်သန်းနေရတဲ့ ရှင်သန်ခြင်းတစ်မျိုးကတော့ မာမီ့ရဲ့အရိပ်အောက်မှာနေပြီး မာမီထားနေရာ စေရာသွားရသည့် သမီးအလိမ္မာတစ်ယောက်ထက်တော့ မပိုခဲ့ပါဘူး။ အသက် ၁၆ နှစ်ကတည်းက New Zealand မြေမှာ နေခဲ့ရတဲ့ ကျွန်မအဖို့ ပထမဆုံး ကိုးရီးယားမြေကို စနင်းရတဲ့ ဒီလိုနေ့မျိုးမှာတောင် မာမီ့ရဲ့အမိန့်စကားတစ်ခွန်းဟာ နားထဲသို့ စိုက်စိုက်မြိုက်မြိုက်ရောက်ရှိလာခဲ့သည်။ သမီး အဆင်ပြေရဲ့လားဆိုတဲ့ စကားလုံးမျိုးကို ကျွန်မအနေနဲ့ ဘယ်လိုယုံကြည်ချက်တွေနဲ့များ မျှော်လင့်နေခဲ့မိပါလိမ့်။

အခုရောက်နေတဲ့ပွဲက နာမည်ကြီး စန္ဒယားဆရာမတစ်ယောက်ရဲ့ အသစ်ထွက်ရှိထားတဲ့ River Flows in you ဆိုတဲ့ Album သစ် မိတ်ဆက်ပွဲတဲ့။ လူတွေပြောပုံအရ အဲ့ဒီဆရာမကိုယ်တိုင်တီးပြမယ်လို့ကြားတာပါပဲ။ ဒါတွေ ကျွန်မအတွက် သိပ်တော့အရေးမပါလှဘူး။ ဒီပွဲအမြန်ပြီးဖို့ပဲ စိတ်အားထက်သန်နေတယ်။ အိမ်ပြန်ပြီး နားချင်လှပြီ။ ၇နှစ်ကြာ ဝေးကွာနေရတဲ့ အိပ်ခန်းလေးကို လွမ်းလှပြီလေ။

" Jennie Ruby Jane Kim ? "

ရှည်လျားလှတဲ့ ကျွန်မရဲ့နာမည်ကို မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ကနေကြားလိုက်တော့ ကျောက မတ်ခနဲဖြစ်သွားသည်။ ဒီနိုင်ငံမှာ ကျွန်မကို သိတဲ့လူက သိပ်မရှိသေးဘူးမလား။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မက K Group CEO ရဲ့ အတွင်းရေးမှူး Park Chaeyoung ပါ"

ဒီလောက်ဆို သိလိုက်ပါပြီ။ မာမီက သူ့ရဲ့အတွင်းရေးမှူးကို ကျွန်မဆီ ဘာကြောင့်လွှတ်လိုက်သလဲဆိုတာကိုပေါ့။ ဒီပွဲကနေအပြန် သူ့ဆီကို လာတွေ့ဖို့ တဖက်လှည့်နဲ့ အမိန့်ပေးလိုက်ခြင်းတစ်မျိုးပါပဲ။

Tied to you,with love bondWhere stories live. Discover now