တရုတ်နိုင်ငံ၊ဖူကျင့်ထူလုံဆိုတဲ့ရွာကို ပြောင်းလာရတဲ့ ကိုးရီးယားမိသားစုတစ်စုက သနားဖို့ကောင်းလွန်းတယ်။ အလုပ်အပြောင်းအရွေ့ကြောင့်ရောက်လာမဟုတ်ဘဲ အကြောင်းတစ်စုံတစ်ခုကြောင့်ထွက်ပြေးလာတာလို့ အိမ်နီးချင်းတွေက တဆင့် ကျန်းဟောက် ကြားမိပါတယ်။
အိမ်တွေက တစ်အိမ်နဲ့ တစ်အိမ်အရမ်းကပ်နေတာမို့လို့ အိမ်နီးချင်းတွေ အတင်းပြောနေတာကို ကျန်းဟောက် စာလုပ်နေရင်း ကြားနေရတယ်။ ပြီးတော့ ကိုးရီးယားက ပြောင်းလာတဲ့သူတွေဆိုတော့ အကုန်လုံးက ထူးဆန်းနေကြတယ်။ ပြောင်းမှတော့ မြို့ပေါ်က တိုက်ခန်းတွေကို ပြောင်းရမှာမဟုတ်လား။ ဘာလို့ ဒီလို ရွာနယ်လေးကို ပြောင်းလာရလဲဆိုတာကို အကုန်လုံးက ဆွေးနွေးနေကြတယ်။
အကြွေးပိလို့ထွက်ပြေးလာတယ်ဆိုတဲ့ထင်မြင်ချက်က များတော့ အဲ့လိုဘဲဖြစ်လောက်မှာပါ။
လူတွေများ အတန်စပ်စုပါဘိလို့ စိတ်ပျက်သလို ခေါင်းခါရင်း စာကိုသာ အာရုံပြန်စိုက်လိုက်တယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဖို့ ပြင်ဆင်နေတဲ့ ကျန်းဟောက်ကိုလဲ သူတို့က မျက်လုံးဒေါက်ထောက်ကြည့်နေသေးတာ။
အိမ်က အမေတောင် ကျန်းဟောက်က်ို သူ့တို့လောက်ဂရုမစိုက်ဘူး။ တစ်ခါတစ်လေ စာလုပ်တာများလို့ လမ်းထိပ်မှာ ငုံ့တုံ့သွားထိုင်ရင်လဲ အိမ်ကိုပြန်တိုင်တတ်သေး။ မားမား က 'အမကြီးတို့ကို ကျေးဇူးတင်မိပေမဲ့ ကျွန်မ သားကို အဲ့လောက် စောင့်ကြည့်စရာမလိုပါဘူး' လို့ ရယ်ရယ်မောမောပြန်ပြောတော့ သူတို့က ကျန်းဟောက်ကို 'သူတို့သားလို သဘောထားလို့ပြောတာပါ' တဲ့လေ။