Jisoo နဲ့ Jennie ပိုက်ဆံရှာဖို့အတွက်
ကြုံရာအလုပ် လုပ်မယ်ဆိုပြီး ခြေတိုအောင် မြို့ထဲအနှံ့ ရှာနေကြပေမယ့် သုံးရက်လောက်အထိ ဘယ်အလုပ်မှ အဆင်မပြေခဲ့ပါ ။Jendeuk ကို ကတိပေးထားတာမို့
ဘာလုပ်လုပ်တူတူလုပ်မယ်လို့
တွေးထားတာကြောင့် အလုပ်က တော်ရုံမရပဲ ဖြစ်နေတော့သည် ။
နှစ်ယောက်မလိုတဲ့ နေရာဖြစ်နေတာက
တစ်မျိုး ၊ Jendeuk ပင်ပန်းမှာစိုးလို့ မလုပ်တာက တစ်မျိုး နဲ့ နှစ်ယောက်သား အခက်တွေ့နေကြသည် ။ Jisoo ကတော့ ဘာအလုပ်ပဲဖြစ်ဖြစ် ဘယ်လောက်ပင်ပန်းပါစေ လုပ်မယ်လို့ စိတ်ကူးထားပေမယ့် Jendeuk ကိုတော့ မပင်ပန်းစေချင်တာမို့ နည်းနည်းသက်သာမယ့် အလုပ်တစ်ခုကို ရွေးနေခြင်း ဖြစ်သည် ။ကံကောင်းချင်တော့ လေးရက်မြောက်နေ့မှာပဲ မြို့ထဲက jajangmyeon ( ပဲခေါက်ဆွဲ ) ဆိုင်တစ်ခုမှာ Delivery တစ်ယောက်ရယ် မီးဖိုချောင်အကူ တစ်ယောက်ရယ် လိုတယ်ဆိုပြီး အလုပ်ခေါ်ထားတာတွေ့လိုက်ရတော့ နှစ်ယောက်သား ပျော်လွန်းလို့ ထတောင် ခုန်မိကြသည် ။ ဘယ်လောက်ရရ လုပ်မယ်ဆိုပြီး ဝင်ပြောကြည့်တော့ ပေးတဲ့ လစာက နည်းပေမယ့် နှစ်ယောက် တစ်နေရာထဲ လုပ်ရမယ့်အခွင့်အရေးကို လက်လွှတ်မခံချင်တာနဲ့ တစ်ခါတည်း အလုပ်ဝင်ဖြစ်သွားတော့သည် ။
Jisoo က အမြဲတမ်း Jendeuk ဆိုင်ကယ်နောက်က စီးနေကျမို့ ဆိုင်ကယ်သိပ်မစီးတတ်ပေမယ့် မီးဖိုချောင်အကူကျတော့လည်း ဓားတောင်မကိုင်တတ်တာမို့ Delivery လုပ်ဖို့ပဲ ရွေးလိုက်သည် ။
Jennie ကတော့ ငယ်ငယ်ကတည်းက ဂေဟာမှာ အချက်အပြုတ်လုပ်နေကျမို့ မီးဖိုချောင်အကူအနေနဲ့ အဆင်ပြေသွားတော့သည် ။
ပထမတစ်ရက်တော့ Jisoo ကို Jennie
တစ်ရက် လိုက်ကာ ဆိုင်ကယ်မောင်းတာ သင်ပေးပြီး နှစ်ယောက်သား မြို့ထဲအနှံ့ မှာသမျှ နေရာတွေအကုန်လုံးကို ဝင်ပို့ရသည် ။နောက်ရက်တော့ Jisoo တစ်ယောက်တည်းပဲ
ဝင်ချည်ထွက်ချည်နဲ့ jajangmyeon ပါဆယ် လိုက်ပို့ရတော့သည် ။ ဆိုင်ကလည်း အတော်ရောင်းရတဲ့ ဆိုင်ဖြစ်တာကြောင့် Jisoo ရော Jennie ရောပါ တော်တော်ပင်ပန်းကြသည် ။ ဒါပေမယ့် စားစရိတ်မကုန်တဲ့အပြင် ခေါက်ဆွဲ အဝ စားရတာကြောင့် Jisoo ကတော့ သဘောတွေကျနေတော့သည် ။
သူ ဆာတဲ့အချိန်တိုင်းလည်း ဆိုင်ပိုင်ရှင်ဦးလေးကြီးက ခေါက်ဆွဲတစ်ပွဲ အမြဲလုပ်ပေးတာမို့ ဘယ်လောက်ပင်ပန်းပါစေ အပြင်က ပြန်လာရင် Jendeuk ကို ဝင်စလိုက် ခေါက်ဆွဲစားလိုက်နဲ့ ဘဝကြီးက ပြည့်စုံနေတော့သည် ။
ဆိုင်ပိုင်ရှင်ဦးလေးကြီးကလည်း အရာရာ သွက်လက်ချက်ချာပြီး ပျော်တတ်တဲ့ Jisoo ကို သဘောကျသည် ။ Jennie ကတော့ အနေအေးတာမို့ စကားသိပ်မပြောဖြစ်ပေမယ့် ခိုင်းတဲ့ အလုပ်တစ်ခုကို စေ့စပ်သေချာအောင် တိတိကျကျ လုပ်တတ်တဲ့သူမို့ မီးဖိုချောင်ထဲမှာ စိတ်ချထားရတဲ့ သူဖြစ်နေတော့သည် ။
နှစ်ယောက်စလုံး တစ်နေ့ကုန် မအားရအောင် ပင်ပန်းကြပေမယ့် ညဘက်အိမ်ပြန်ချိန်ရောက်ရင်တော့ အပြုံးတွေနဲ့ပဲ
တစ်ယောက်နဲ့ တစ်ယောက် အားပေးနှစ်သိမ့်ကြသည် ။
Jennie က ညောင်းတတ်တဲ့ ကလေးမို့
အိမ်ပြန်လမ်းမှာ Bus ပေါ်က ဆင်းပြီးတိုင်း လမ်းထိပ်ကနေ အိမ်အထိ Jisoo က ကုန်းပိုးပြီး ပြန်လေ့ရှိသည် ။ မစီးဘူးပြောလည်း မရမက အတင်းချီပြီး ပိုးတာမို့ Jennie ကတော့ ပြုံးပြုံးကလေးပင် Jisoo ကျောပေါ်မီပြီး အပန်းဖြေရင်းလိုက်ခဲ့သည်သာ ။
Jisoo ကျောပြင်သေးသေးလေးက Jennie အတွက်တော့ နွေးထွေးပြီး သက်တောင့်သက်သာဖြစ်လွန်းလှသည် ။ ဘယ်လောက်ပင်ပန်းနေပါစေ သူ့ကျောပေါ်မီလိုက်ရင်ကို အရာအားလုံးမေ့ပြီး အညောင်းတွေ ပြေသွားစေတာမျိုး ။
Jisoo အတွက်လည်း Jennie ရဲ့ ပါးဖောင်းဖောင်းလေးတွေကို မြင်လိုက်တာနဲ့ အမောတွေပြေစေတာမျိုးမို့ နှစ်ယောက်သား ဘဝလေးကလည်း အရာရာအဆင်ပြေနေခဲ့သည် ။
VOCÊ ESTÁ LENDO
From Zero to Infinity ~~~
Fanficဟိုးအစကနေ အဆုံးထိ ငါတို့လက်တွေ အမြဲတွဲထားကြမယ်နော်... ဟင့်အင်း... အဆုံးထိ မဟုတ်ဘူးလေ ငါတို့လက်တွေက အဆုံးမရှိ တွဲထားကြမှာ မမြင်နိုင်တော့တဲ့ အဆုံးမရှိထိ နင့်လက်ကို တွဲထားမှာ...