ကိုယ့်ကိုမငြင်းဆန်သင့်ဘူး/ကိုယ့္ကိုမျငင္းဆန္သင့္ဘူး

184 12 9
                                    


❌This part includes a little mature scene❌

ညလောက်ရောက်တော့ နေရိုင်း အိမ်သို့ပြန်လာခဲ့သည်။ ယခုလောလောဆယ်တော့ စားသောက်ဆိုင်တစ်ဆိုင်က ဘော်ဒါအရင်းတစ်ယောက်ကို အကူညီတောင်းပြီး မချယ်ရီကိုရှာခိုင်းထားသည်။ သူကလည်း မချယ်ရီကို တနေရာမှာ မြင်ဖူးထားသည်တဲ့။ သို့သော် သူမအလုပ်လုပ်နေတဲ့နေရာကို မသိလို့သာ နေရိုင်းအား ချက်ချင်း မကူညီနိုင်သေးတာ။ ဘာပဲဖြစ်ဖြစ် အခုလိုကြားသိရတော့ နေရိုင်းအတွက် မျှော်လင့်ချက်လေးရောက်လာတာပေါ့။ ထို့ကြောင့်လည်း နေရိုင်း အိမ်သို့ပြန်လာနိုင်သည်ပင်။ ညနေလောက်က သူငယ်ချင်းဖြစ်သူ ရာနပြောလို့သာ အိမ်ပြန်ဖို့သတိရတာ။ သူ့အလိုဆို ဒီကိစ္စဘဲစိတ်ထဲစွဲပြီး ဆက်လက်ရှာနေမိမှာပင်။

နေရိုင်း အတွေးတို့နဲ့အတူ တိုက်အောက်ထပ်ကိုပင်ရောက်လေပြီ။ စက်ဘီးအား မြေညီထပ်မှာ သော့ခတ်ထားပြီး အပေါ်သို့တက်လာလိုက်သည်။ သူ ရေမချိုးတာတောင် ၂ရက်လောက်ရှိတော့မည်။ သူကိုယ်တိုင်က တခုခုကိုအာရုံစိုက်လိုက်ရင် တခြားအရာတွေလုပ်ဖို့ မစဥ်းစားတတ်သူ။ သူ့အခန်းရှိရာ တတိယထပ်ကိုရောက်တော့ အခန်းတံခါးက သော့ပိတ်ထားပြီဖြစ်သည်။ သေချာသည်က ရာန အိမ်မှာမရှိ။ ဟုတ်တာပေါ့ သူ ဒီအချိန်ဆို စားသောက်ဆိုင်မှာရောက်နေရောပေါ့။

အိမ်ထဲဝင်လိုက်တော့ သန့်သန့်ရှင်းရှင်းဖြစ်နေသည့် အရိပ်အယောင်ကြောင့် ကိုယ့်အိမ်ကို တချက်ပြန်ကြည့်မိသည်။ ဒီကောင် သူနဲ့အတူလာနေတာ ဒါတစ်ခုတော့ကောင်းသည်။ နေရိုင်းတစ်ယောက်တည်းသာဆို ဖြစ်သလိုနေတတ်ပေမယ့် ရာနရောက်လာမှ အိမ်ဖော်တစ်ယောက်ရလိုက်သလိုစိတ်ချလက်ချဖြစ်စေသည်။ အိမ်ဖော်နဲ့နှိုင်းတာအဲ့ကောင်သိလို့ကတော့ သေချာပေါက် နေရိုင်းကို ဆဲမှာ။ ပြီးတော့ ဒီကောင်က ပြောတဲ့အတိုင်းနားထောင်သည်။ နေရိုင်းရဲ့အခန်းကို ဝင်မကြည့်တာမျိုးပေါ့။

နေရိုင်း ကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိသည်။ ထို့နောက် စိတ်ထဲလည်း ငြီစီစီဖြစ်လာသည်ကြောင့် ရေချိုးခန်းထဲဝင်ကာ ရေချိုးလိုက်သည်။ အချိန်အနည်းငယ်ကြာတော့ ရေချိုးခန်းထဲမှ အောက်ပိုင်းဖုံးရုံ သဘက်ပိုင်းလေးဖြင့်ထွက်လာသည်။ ခေါင်းပါလျှော်ထားသည်မို့ ဆံပင်တို့က စိုနေ၏။ အပေါ်ပိုင်းဗလာကျင်းနေပေမယ့် ခပ်ဝင်းဝင်းသူ့အသားနဲ့ ကြည့်လို့ကောင်းနေသည်။ အားကစားပုံမှန်မလုပ်ပေမယ့် သူ့ထံ 4packလောက်တော့ ရှိသည်။ သို့သော် ခန္ဓာကိုယ်ထွားထွားကြီးတော့မဟုတ်။ အရပ် ၆ပေလောက်ရှိသည့်သူက ဗလရှိရှိ ဇရှိရှိဖြင့် ယောက်ျားပီသနေသည်။ ဒါကား သူ့ခန္ဓာကိုယ်အရ ပြောရုံသာ။ ရုပ်ရည်အသွင်အပြင်သာ ကြည့်ရင်တော့ ယောက်ျားပီသတယ်လို့ပြောမရ မိန်းမဆန်ဆန်ချောတာလည်းမဟုတ်တဲ့ ဆွဲဆောင်မှုမျိုးက နေရာအပြည့်ယူထားသည်။

အရိုင်းဆန်မဲ့သွေး (အရိုင်းဆန်မဲ့သွေး)Where stories live. Discover now