အပိုင်း(၁၀)

119 15 3
                                    

နန်းတော်ထဲမရောက်တာ ကြာနေပြီဖြစ်တဲ့သူ့ကို တွေ့သူတိုင်းကတအံ့တသြနှင့်နှုတ်ဆက်ကြသည်။တစ်စုတစ်စုဆီဖြတ်သန်းသွားလာနေသော အပျိုတော်များ၊
လူပျိုတော်သားများက သူ့ကိုတွေ့နှင့်ယဥ်ကျေးကျိုးနွံစွာအရိုအသေပြုကြသည်။နန်းတွင်းမြေသည်လည်း သူခြေလှမ်းလိုက်တိုင်း ရင်းနှီးစွာ ကြိုဆိုနေသကဲ့သို့။ဇရာကြောင့် အမြင်အာရုံအနည်းငယ်ဝေဝါးသည်မှအပ ခြေလှမ်းတိုင်းက တက်ကြွလှသည်။နောက်မှလိုက်ပါလာသောအစေခံသည်ပင် သူ့ခြေလှမ်းကိုအမှီလိုက်ရသည်။

နန်းတွင်းအငွေ့အသက်တို့က တစ်ကိုယ်လုံးကိုလွှမ်းခြုံလာသကဲ့ ဟိုဒီကြည့်လိုက်တိုင်း
ယခင်အချိန်များကိုသတိတရရှိမိလှသည်။
ညနေအချိန်ပေမို့ အစောင့်လဲ၊တာဝန်ပြောင်းသူများကဟိုတစ်စုဒီတစ်စု။
နန်းတော်တွင်းရှိအရာအားလုံးသည် အစဥ်သဖြင့်အမြင်တင့်တယ်လှပနေသည်။ခမ်းနားသောအဆောင်တော်များ၊ဥယျာဥ်၊ကန်တော်တို့နှင့် မဟာဆန်စွာကြီးကျယ်ခမ်းနားလို့နေသောကြောင့် သာမန်ပြည်သူတစ်ဦးသာ နန်းတော်ထဲခြေချမိပါက လှည့်ပတ်ကြည့်ရှု၍ပင်မကုန်နိုင်သည့် သုခနတ်ပြည်သို့ပင်ရောက်နေသလားဟုထင်ရစရာ။သို့သော်ထိုအရာများကား မျက်နှာဖုံးမျှသာ။ဧကန်အားဖြင့် နန်းတွင်းသည် အန္တရာယ်အသွယ်သွယ်နှင့်ပြည့်နေသော တောကြီးမျက်မည်းကဲ့သို့။

သူ့ခြေလှမ်းများဦးတည်ရာက ဘုရင်မင်းမြတ်စံမြန်းရာအဆောင်တော်သို့။အဆောင်တော်သို့ရောက်ခါနီးလေ စိတ်အစဥ်သည် တသိမ့်တသိမ့်တုန်ကာ ငယ်စဥ်ရင်းနှီးကျွမ်းဝင်ခဲ့သော မိတ်ဟောင်းဆွေဖော်ကိုပြန်တွေ့ရမည့်အလား။

ဘုရင့်နန်းဆောင်ရောက်သည်နှင့် အစောင့်ရဲမက်တို့က သူလာမည်ကိုသိသည့်အလား လမ်းဖွင့်ပေးသည်။ကြိုတင်စောင့်နေသည့် ဘုရင့်အထိန်းတော်ကြီးမှလည်း မတွေ့တာကြာသည့်သူကိုတွေ့ရသကဲ့သို့ ကြည်သာစွာပြုံး၍ အရိုအသေပေးသည်။

"အရှင်မင်းကြီး ဥယျာဥ်တော်ထဲမှာစောင့်စားနေပါတယ် ကျွန်တော်မျိုးနောက်ပါးမှ လိုက်ခဲ့ပါ"

အထိန်းတော်ကြီးနောက်မှလိုက်ပါရင်း ဘုရင်မင်းမြတ်က မိမိကိုအဆောင်တော်ထဲမှာတောင်မစောင့်တော့ဘဲ ဥယျာဉ်တော်အတွင်းမှာပင်စိတ်လိုလက်ရစောင့်နေသည်ကိုတွေးမိသောအခါ စိတ်နှလုံးကပီတိဖုံးသွားတော့သဘ်။

ပြည့် ရတနာ(ျပည့္ ရတနာ)Место, где живут истории. Откройте их для себя