"အရှင် နေကွယ်လုပြီ...နန်းတော်ပြန်ရအောင်ပါ"
ကိုယ််ရံတော်၏သတိပေးမှုကြောင့် အင်္ဂတေကိုင်နေသော တောင်ပိုင်ရှင်အသိဝင်လာသည်။နန်းတွင်းကို ညဥ့်မနက်ခင်ပြန်ရောက်မှဖြစ်မည်။
တောင်ပိုင်ရှင်၏ယခုပုံသည် ရာဇဘုရင်ဟူသည်နန်းတွင်းထဲမှ ပုံရိပ်မျိုးပျောက်ကာ
ချွေးများစိုရွှဲ အင်္ဂတေမှုန့်ဖြူဖြူများကပ်ငြိနေသော ဖျတ်လက်တက်ကြွတောင့်တင်း
သည့် သာမန်အရပ်သားအသွင်ဆောင်နေသည်။
အချိန်မလင့်ခင် နန်းတော်ပြန်ရမည်ဟူသောအသိကြောင့် ကိုယ်လက်သန့်စင်ရန်ထွက်လာချိန် ဘုရားကိုယ်ထည်တွင်တည်ထားသောအုတ်ခွက်များကိုလိုက်လံကြည့်ရှုမိသည်။အုတ်ခွက်တစ်ခုချင်းတွင် ဘုရားလောင်း
သိဒ္ဓတ္ထမင်းသားကလေးဖွားတော်မူခန်းမှသည် ပရိနိဗ္ဗာန်စံသည်အထိသရုပ်ဖော်ထားသည်။အချို့အုတ်ချပ်များကဘုရားလောင်းနုစဥ်ကဇာတ်ကြီးဆယ်ဘွဲ့များ၊တစ်နေရာအရောက်တွင်တော့ ဗုဒ္ဓနှင့်မသတ်ဆိုင်သော နတ်များကိုပါတခမ်းတနားနှင့်အုတ်ချပ်နှိပ်ကာရောနှောထားသောကြောင့် တောင်ပိုင်ရှင်မျက်မှောင်ကျုံ့မိသည်။သို့သော်လည်းဘာပြောလို့ရမည်နည်း၊လူတို့၏ကိုးကွယ်ယုံကြည်မှုသည် အသွေးအသားထဲမှလာသည်ဖြစ်ရာ ယတိပြတ်ကန့်သတ်လို့လည်းမရချေ။ထိုသို့ရောယှက်ကိုးကွယ်နေသည်ကပင် ဓနောင်းပြည်၏ရိုးရာယဥ်ကျေးမှုပင်ဖြစ်နေသောကြောင့်ခက်လှ၏။နောက်တစ်ချိန်တွင်တော့ စစ်မှန်သည့်လောကကိုထိုးထွင်းသိမြင်သောမြတ်ဗုဒ္ဓ၏ တရားတော်အစစ်အမှန်ကို ဓနောင်းပြည်၏အသက်အသွေးထဲရောက်အောင်ကြိုးစားရဦးမည်ဟု တောင်ကိုင်ရှင်တွေးမိသည်။
ထို့နောက် အနီးအနားရှိစမ်းချောင်းတွင်ခြေလက်သန့်စင်ပြီး ပန်းထိမ်ဆရာနှင့် ပန်းရန်ဆရာ ညီနောင်နှစ်ဦးကိုနှုတ်ဆက်ပြီးထွက်ခွာခဲ့သည်။
နေဝင်လုလုအချိန်ဖြစ်သောကြောင့်အပြန်လမ်းခရီးသည် အပူသက်သာလှသည်။နေရောင်ကတစွန်းတစသာရှိသော်လည်း ကောင်းကင်ကြီးရွှေအိုရောင်သန်းကာ တိမ်တောက်နေကြသည်။ အိပ်တန်းတက်မည့်ငှက်များက ဟိုတစ်စုဒီတစ်စုနှင့် နားခိုရာရှာနေကြသည်။
မင်းတရားကြီးသည် မြင်းပေါ်မှ အသိင်္ခယာဘုရားကြီးဘက်ကို သမင်လည်ပြန်ကြည့်လိုက်သည်။အကုန်လုံးမပြီးသေးစေကာမူ
နေရောင်ထိုးသောကြောင့် ကိုယ်ထည်ကြွတက်ကာ ကြည်ညိုစရာကောင်းလှ၏။
ကြည့်နေရင်းမှ ခပ်ဟဟရယ်ရင်း ခေါင်းအသာယမ်းမိသည်။
ESTÁS LEYENDO
ပြည့် ရတနာ(ျပည့္ ရတနာ)