Part 30

4.3K 318 15
                                    

မြို့ကြီးတွေမှာလို မီးတွေလင်းထိန်မနေလို့ ညအချိန်ရောက်လာသည့်အခါ ကောင်းကင်ကကြယ်လေးတွေကို ကောင်းစွာ မြင်နေရသည်။
အရှေ့ဘက်က ပင်လယ်ပြင် လမှ ထိန်လင်းနေသည့် လရောင်ကြောင့်သာ အနည်းငယ်မြင်နေရသည်။
နေ့ခင်းလို ငှက်ကလေးတွေ တွန်ကျူးသံကို မကြား၊ လေတိုးသံ နှင့် လှိုင်းလုံးတွေ ကမ်းပါးကို ရိုက်ခတ်သံသာ ကြားနေသည်။

အသက်ကို ခပ်ဝဝရှုထုတ်ပြီး ရှောင်းကျန့် နေ့လည်တုန်းက အဖြစ်အပျက်တွေ ပြန်စဥ်းစားနေခဲ့မိသည်။
ချူလင်းက အကြောင်းပြချက် ရှိရှိနှင့် ရိပေါ်နဲ့ လက်ထပ်ဖို့ သူ့မိဘတွေ သဘောအတိုင်း လိုက်နာခဲ့သည်။
သူ့မိဘတွေ စိတ်ချမ်းသာအောင်လို့လည်း နေပေးခဲ့သလို၊ သူ့ရည်းစားကိုလည်း လုံးဝမစွန့်လွှတ်ဘဲ အကြောင်းအရာ တချို့လောက်သာ ချန်ထားခဲ့ပြီး ပွင့်လင်းစွာ အကုန်ပြောပြခဲ့သည်။

သူကရော...သူကရော ဘာလို့ လွန်ခဲ့တဲ့၆နှစ်က ရိပေါ်ကို အမှန်တိုင်း ပြောမပြခဲ့ရတာလဲ။
အမှန်တိုင်းသာ ပြောပြခဲ့လိုရှိလျှင် သူတို့တွေ ဝေးကွာကြမှာ မဟုတ်။
ပင်လယ်လေက အေးမြပေမယ့် သူ့ရင်ထဲမှာ ပူလောင်နေသည်။
ရုတ်တရက် ခါးကို လာဖက်သည့် လက်တွေကြောင့် ရှောင်းကျန့် လန့်သွားပေမည့် ရင်းနှီးသည့် ကိုယ်သင်းနံ့လေးက ရလိုက်တော့ ကြည်နူးစွာ ပြုံးမိလိုက်သည်။

"ကော ဘာတွေစဥ်းစားနေတာလဲ"

"ဘာမှမစဥ်းစားပါဘူး"

"လိမ်တယ်"

ရိပေါ် သိတာပေါ့ ရှောင်းကျန့်က ချူလင်းတို့နှင့် စကားပြောပြီး ပြန်လာကတည်းက မျက်နှာမကောင်းဘူး။
ဘာတွေစဥ်းစားနေလဲ အလုံးစုံတော့ သေချာမသိပေမည့် သူ့အကြောင်း စဥ်းစားနေမည်ဆိုတာတော့ သေချာသည်။

"အင်း လိမ်မိသွားတယ်။ မသိချင်ယောင်ဆောင်ပေး"

"မရဘူး ပြောပြ"

"ဟင်း... ဒီလိုပါပဲ အရင်တုန်းက ကိစ္စလေးတွေ ၊ ကောလည်း ရိပေါ်အပေါ် ပွင့်လင်းခဲ့ရင် ကောင်းမယ်လို့ တွေးမိသွားလို့"

တုန်ယင်နေသည့် အသံနှင့် ပြောလာသည်က ငိုချင်တာကို ထိန်းထားရသည့်ပုံ။
ရှောင်းကျန့် ငိုမှာကို ရိပေါ်မကြိုက်ပါ။
ထို့ကြောင့် ရှောင်းကျန့်ကိုယ်ကို သူ့ဘက်ဆွဲလှည့်ပြီး မျက်နှာကို ဆွဲယူကာ နှုတ်ခမ်းတစ်စုံကို နူးညံ့စွာနမ်းရှိုက်လိုက်သည်။

SECRET (season2) [Completed]Where stories live. Discover now