[ Unicode ]
ဟယ်ဂျင်းရဲ့သတင်းကိုကြားကြားချင်း အပြေးလိုက်လာခဲ့သည့်နမ်ဂျွန်းက ခွဲခန်းရှေ့မှာထိုင်ကာခေါင်းငိုက်စိုက်ကျနေတဲ့ဂျောင်ဂုနဲ့ထယ်ယောင်းကိုတွေ့တော့ မောဟိုက်နေသည့်ကြားမှ သက်ပြင်းချမိတော့သည်။
သူတို့နှင့်မျက်နှာချင်းဆိုင်တွင်လည်း ထယ်ယောင်းသူငယ်ချင်းဖြစ်ပုံရသောကောင်မလေးတစ်ယောက်ရှိသေးသည်။
မျက်နှာသေချာမမြင်ရပေမဲ့ လက်သည်းတကိုက်ကိုက်နှင့်ထိုင်တောင်မထိုင်နိုင်ဘဲ ခေါင်းငုံ့ကာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေသည့်ပုံမှာ ဟယ်ဂျင်းကိုအတော်စိုးရိမ်နေသည့်ပုံပင်။နမ်ဂျွန်း သူတို့အရှေ့မှာရပ်လိုက်မှမော့ကြည့်လာသည့်ထယ်ယောင်းက သူ့ကိုမြင်သည်နှင့် မျက်ရည်များဝဲကာထိုင်ငိုတော့သည်။
ဂျောင်ဂုကိုကြည့်တော့လည်း နီရဲနေသောမျက်လုံးများဖြင့် ဘာအတွေးမှမရှိသည့်လူလို ငူငူငိုင်ငိုင်ကြီးထိုင်နေသည်။
" ဘယ်လိုဖြစ်တာလဲထယ်ယောင်း ဘယ်လောက်ဆိုးရွားလို့ ခွဲခန်းဝင်ရတဲ့အထိပါဖြစ်တာလဲ "
" လှေကားပေါ်...အီးဟီး...ပြုတ်...တာတဲ့...အီးဟီး...သူ...ဘာမှဖြစ်...အင့်...လောက်ပါဘူးနော် "
တအီအီဖြင့်ငိုနေတဲ့ထယ်ယောင်းကို လက်ဖြင့်ပုတ်ကာနှစ်သိမ့်ပေးရင်းမေးမိတော့ ငိုသံကြားမှ လေးလုံးမကွဲသည့်အသံဖြင့် ပြန်ဖြေလာသည်။
ထယ်ယောင်းပြောတာတွေကို နမ်ဂျွန်းသေချာနားမလည်သော်လည်း နောက်တစ်ခေါက်ထပ်မမေးဖြစ်ပါ။
အခြေအနေတွေနည်းနည်းတည်ငြိမ်သွားမှပဲ ထပ်မေးဖို့တွေးထားလိုက်သည်။ အခုချိန်ထပ်မေးလျှင်ပိုတိုး၍ငိုဖို့သာရှိမည်။" အဲ့တာ ချွဲဂျီယောင်းလုပ်တာ... "
တချိန်လုံးငြိမ်နေရာမှထပြောသည့်ဂျောင်ဂုကြောင့် ထယ်ယောင်းကိုချော့နေသည့်နမ်ဂျွန်းအပါအဝင် ငိုနေသည့်ထယ်ယောင်းလည်းအငိုရပ်ကာဂျောင်ဂုကိုလှမ်းကြည့်သည်။
" ဘာတွေပြောနေတာလဲဂျောင်ဂုရှီး ကျွန်မသေချာရှင်းပြပြီသားနော် ဂျီယောင်းကသူ့ဘာသာခြေထောက်ခေါက်လဲတာလို့ ပြီးတော့ကျွန်မထက်ငယ်ပြီး ကျွန်မနာမည်ကိုအပြည့်အစုံခေါ်တာကရိုင်းတယ်နော် "