Unicode
အိပ်ဆောင် တံခါးဆီမှ ချောက်ခနဲ မြည်သံကြောင့် ဗြသဝန် လန့်နိုးလာသည်။ သူ့အိပ်ဆောင်တံခါး အနည်းငယ်လှုပ်ခါသွားသည်ဟု ခံစားလိုက်ရသည်။
သန်းခေါင်ကျော်အချိန်ကြီး တံခါးကို တိတ်တဆိတ်လာတွန်းသူက မိတ်ဆွေတော့ မဖြစ်နိုင်။
ဗြသဝန်သည် ဆောင်ဓားရှည်ကို လက်ဖြင့်ဆုပ်ကိုင်ပြီး အခန်းတံခါးကို ဆတ်ခနဲ တွန်းဖွင့်လိုက်သည်။တိုးဝင်လာသော လေအေးများနှင့် နှင်းစက် အချို့ကလွဲပြီး ဘာမှ ရှိမနေ။ သို့သော် ကျယ်လောင်သော ပုဇဥ်းရင်ကွဲများ၏ တစီစီ အော်သံကြား အိပ်ဆောင်ခေါင်မိုးပေါ်မှ ပေါ့ပါးသည့်ခြေသံကို ကြားလိုက်ရသည်။ ဗြသဝန်သည် ဖျတ်လတ်စွာဖြင့် အခန်းတံခါးကို ပြန်ပိတ်ပြီး စေ့ထားမိသော ပြတင်းပေါက်ကို အမြန်ပြေးပိတ်ဖို့ လုပ်သည်။
သူအနည်းငယ်နောက်ကျသွားလေပြီ။
အနက်ရောင် အရိပ်တစ်ခုသည် အမိုးပေါ်မှ လွှားခနဲ ခုန်ချပြီး ပြတင်းတံခါး တစ်ဖက်ကို ကန်ဖွင့်ကာ အခန်းထဲသို့ ရောက်ရှိလာသည်။
ဗြသဝန်သည် လက်ထဲရှိဆောင်ဓားကို ဓားအိမ်မှ မချွတ်နိုင်ဘဲ ထိုလူကို လှမ်းရိုက်လိုက်သည်။ ထိုလူက ရိုက်ချက်ကို လွယ်လင့်တကူပင် ရှောင်တိမ်းကာ ဗြသဝန်၏ ဓားကို ဆွဲယူလိုက်သည်။ ဗြသဝန်သည် လက်ထဲမှ ဓားကို သတိရှိစွာ ဆုပ်ကိုင်ထားသည်မို့ သူတို့နှစ်ဦးသား ဓားကို လုယက်သည့် ပုံဖြင့် ခေတ္တရှိနေကြသည်။ ထို့နောက် ထိုလူသည် ဓားကို မလွှတ်ဘဲ ဗြသဝန်၏ လက်ကို လိမ်ပြီး ဗြသဝန်၏ အနောက်ဘက်သို့ ရွှေ့လိုက်သည်။ ထိုအခါ ဗြသဝန်သည် သူ့ဓားနှင့်သူ အပိတ်နှောင်ခံလိုက်ရသလို ဖြစ်သွားလေသည်။ ထိုလူသည် ဗြသဝန်၏ ကျောနောက်တွင် နီးကပ်စွာရပ်နေပြီး ဓားကို လည်ပင်းတွင် တင်ထားသည့်အပြင် ထိုလူက ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် လှုပ်၍ မရပါချေ။
ဗြသဝန်၏ တစ်ကိုယ်လုံးရှိ အကြောများတောင့်တင်းလာသည်။
"ဘယ်သူလွှတ်လိုက်တာလဲ.." ဗြသဝန်သည် အသံကို မာကျောနေအောင် အလွန်ပင်ကြိုးစားနေရလေသည်။
YOU ARE READING
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Historical Fictionဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...