Unicode
မိဖုရား ဆုပန်ကလျာ၏ နန်းဆောင်သည် အပ်ကျသံ ကို ကြားရလောက်အောင်ပင် တိတ်ဆိတ်နေသည်။ သူတို့သည် မြို့ရိုးမှ တိုက်ပွဲ သတင်းကို သယ်လာသော ဆတ်သား၏ တံပိုးခရာသံကို ကြားလိုက်ရပြီ ဖြစ်သည်။
ထို ဆတ်သားသည် ဘယ်လို သတင်းကိုများ သယ်ဆောင်လာပါလိမ့်မလဲ။
သူတို့ကရော ဘယ်သတင်းကို စောင့်မျှော်နေသင့်ပါသလဲ။
သူတို့ မွေးဖွားလာရာ ၊ သူတို့ သစ္စာခံရာ ယုဒ္ဓယပြည်သည် ဟံသာဝတီ၏ ထိုးစစ်ကို အောင်မြင်စွာ ခုခံနိုင်သည်ဟူသော သတင်းကို ကြားရပါက အလွန်တရာပင် ဂုဏ်ယူဖွယ်ရာ ဖြစ်ပေလိမ့်မည်။ သို့သော် ဒေါသ အမျက်ချောင်းချောင်းထွက်နေကြမည့် ဟံသာဝတီသားများ၏ လက်ထဲတွင် သူတို့သည် နောက်နေ့ နံနက် နေရောင်ကိုတော့ မြင်ခွင့်ရချင်မှ ရပေတော့မည်။
ဒါမှမဟုတ် ဟံသာဝတီက ထိုးစစ်ကို အောင်နိုင်ခဲ့သည် ဆိုရင်ရော...
ဒီလိုဆိုရင်တော့ သူတို့သည် အသက်ချမ်းသာရာ ရပေလိမ့်မည်။ သို့ပေမယ့် သူတို့တိုင်းပြည်က မိသားစု မိဘမောင်ဖွားတွေဟာ အသက်ရော ရှင်ကျန်ကြပါ့မလား။ ဘယ်သူတွေက သေပြီး ဘယ်သူတွေကတော့ အဖမ်းခံကြရမလဲ။ ဘယ်သူတွေက ကျွန်ပြုခံရပြီး ဘယ်သူတွေကတော့ နှိပ်စက်ခံကြရမလဲ။ ပြီးတော့ သူတို့ အားကိုးအားထားပြုရာ ယုဒ္ဓယရဲ့ မင်းဆွေမင်းမျိုးတွေ။ သူတို့ရော အသက်ချမ်းသာကြပါ့မလား။
သတင်းပို့ ဆတ်သား ယူလာသည့် မည်သည့် သတင်းကမှ ဆုပန်ကလျာ နန်းဆောင်အတွက် သတင်းကောင်း မဖြစ်နိုင်တာကတော့ အသေအချာပင်။
"ဒိန်း"
စည်တော်မှ အသံကိုကြားရပြီးနောက်တွင် နန်းရင်ပြင်မှ ဝမ်းသာ အားရ အော်ဟစ်ကြွေးကြော်သံများနှင့် သီဆိုတီးမှုတ်သံများ ဆင့်ကာ ဆင့်ကာ ထွက်ပေါ်လာသည်။
တဆက်တည်းမှာပဲ ဆုပန်ကလျာ၏ နန်းဆောင်မှ ယုဒ္ဓယ နန်းတွင်းသူ နန်းတွင်းသား များသည် ဝမ်းပန်းတနည်း ရှိုက်၍ငိုကြလေပြီ။ သို့ပေမယ့် ငိုကြွေးသံကျယ်ကျယ် မထွက်ရဲ။ ဟံသာဝတီပြည့်ရှင်သည် ပုန်ကန်ခြားနားသော ယုဒ္ဓယကို စစ်အောင်သည်ဆိုသော နေ့မှာ ဟံသာဝတီမြေပေါ် အသက်ရှင်နေသော မည်သူက ငိုရဲမည်နည်း။ ငိုခဲ့ရင်ရော ဆက်ပြီး အသက်ရှင်ခွင့်ရနိုင်ပါ့မလား။
ESTÁS LEYENDO
ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)
Ficción históricaဘဝ ဆိုတာ စာအုပ်တစ်အုပ် ဖြစ်ပြီး အဲဒီ စာအုပ်ပေါ်မှာရေးထား သမျှတွေဟာ ကောင်းကင်ဘုံမှာ ရှိတဲ့ တစ်စုံတစ်ယောက်က ပြဋ္ဌာန်းပြီးသားဖြစ်တယ်.... ဒါကြောင့် ကံကြမ္မာဟာ လူသားတွေ စွမ်းအားနဲ့ ပြောင်းလဲလို့ မရဘူး... အမှန်ပဲ... ချစ်ခြင်းမေတ္တာ နဲ့ ရေစက်ဆိုတာတွေလ...