Part 30 (End)

4.8K 275 280
                                    

Unicode

အချိန်ကာလစက်ဝန်းသည် အလွန် လျှင်မြန်စွာ ရွေ့လျားသွားလေသည်။ နွေ မိုး ဆောင်း ဥတုသုံးပါး တစ်ပါတ်ပြီး တစ်ပါတ် လည်သွားသည်မှာ မနေ့တစ်နေ့က ကဲ့သို့ပင်။ ကိုယ်တော်ကိုယ်တိုင် သစ်ရွေးပြီး ဓနိမိုးခဲ့သော အိမ်လေးသည်ပင် အို‌ဟောင်းစပြုလာပြီး ကိုယ်တော် စိုက်ပျိုးခဲ့သော ခြေတံရှည် အိမ်လေး၏ နောက်ဘက်မှ သရက်ပင်သည် အသီးသီးစပြုနေပြီ ဖြစ်သည်။

ခြောက်နှစ်တာကာလသည် မျက်စိတစ်မှိတ် လျှပ်တစ်ပြတ် အတွင်း ကုန်ဆုံးသွားလေသည်။

ဗြသဝန်သည် ခန်းစီးစ ဖြူဖြူအားဖြတ်သန်းဝင်ရောက်လာသော နွေးထွေးသည့် နေရောင်ခြည်ကြောင့် အိပ်ရာမှ နိုးလာသည်။ သူ၏ အိမ်ခန်းလေးထဲမှ ဇီဇဝါပန်းရနံ့သင်းပျံ့နေသောလေထုကို ရှူရှိုက်ရင်း ဘေးဘီကို ကြည့်လိုက်သော အခါ သူ့ဘေးမှ အိပ်ယာသည် ဗလာကျင်းနေပြီ ဖြစ်သည်။ သင်ဖြူးဖျာလေးကို သပ်ရပ်စွာ လိပ်ထားပြီး စောင်များကိုလဲ သေသပ်စွာ ခေါက်သိမ်းထားပြီးဖြစ်သည်။

ဒီလိုဆိုတော့ ထိုလူသည် စိုက်ခင်းထဲသို့ စောစောဆင်းသွားနှင့်ပြီ ထင်သည်။

ဗြသဝန်သည် ခပ်သွက်သွက်ထလိုက်ပြီး မီးဖိုထဲသို့ ဝင်ကာ ထင်းချောင်းများကို စုစည်းပြီ မီးဖိုလိုက်သည်။ ခြောက်နှစ်ကျော် ကြာခဲ့ပြီး ဖြစ်သည်မို့ သူ၏မီးဖိုသော အတတ်ပညာသည် တဖက်ကမ်းခတ်နေလေပြီ။ သိပ်အားစိုက်စရာမလိုဘဲ ဟုန်း ခနဲ မီးတောက်များ တက်လာသည်။ သူသည် ဆန်ကို မြေအိုးထဲထည့်ရင်း ယနေ့အတွက် ချက်ပြုတ်ရမည့် ဟင်း အမျိုးအမည်ကို စဉ်းစားလိုက်သည်။ မြန်မြန်ချက်ပြုတ်ပြီးရင်တော့ သူသည် စိုက်ခင်းသို့ လိုက်သွားချင်နေပြီ ဖြစ်သည်။

ဆောင်းအကူးမို့ ထိုလူသည် ဂန္ဓမာပန်းဖြူဖြူများကို စိုက်ခင်းပြည့်စိုက်ပျိုးထားလေသည်။ မျက်စိတစ်ဆုံး ကျယ်ပြန့်သော အဖြူရောင် ပန်းခင်းကြီးသည် တကယ်ပဲ လှသည်မို့ ထိုပန်းခင်းထဲတွင် မမောနိုင် မပန်းနိုင် ရေလောင်းပေါင်းသင်ရသည်ကို ဗြသဝန်သည် အလွန်ပဲ သဘောကျလေသည်။

ချက်ပြုတ်ပြီးစီးသည့် အခါ စားသောက်ဖွယ်ရာများကို ထုတ်ပိုးနေရင်း ရွာတစ်ဖက်ခြမ်းမှ ဆည်းလည်းလေးကို ဝင်ခေါ်သွားဖို့ ဆုံးဖြတ်လိုက်သည်။ ဆည်းလည်းလေးသည်လည်း ပန်းများကို နှစ်ခြိုက်သည်မို့ ပန်းခင်းကြီးထဲသို့ ခေါ်သွားလျှင် ထိုကလေး ဘယ်လောက်တောင် ပျော်ရှာလိမ့်မလဲ...

‌ကောင်းကင်ဘုံမှ ပြဌာန်းသည် (ကောင်းကင်ဘုံမှ ပြဋ္ဌာန်းသည်)Where stories live. Discover now