အပိုင်း၂၅...
သူငယ်ချင်းမက ရည်းစားမကျ အနေအထားနှင့် ပြန်လည်ဆုံတွေ့ရသည်မှာ နှစ်ယောက်လုံး အသားကျပုံမရပေ။ နားချိန်လဲ မရသေးတာကြောင့် ပြယ့်ကို ထမင်းတူတူစားမယ်လို့ ပြောကာ ကုသဆောင်သို့ ပြန်လာခဲ့လိုက်သည်။
"ပြယ် ပြန်ရောက်တာ ကြာပြီလား "
ဆေးရုံနှင့် နီးသော ဆိုင်တစ်ခုတွင်ထိုင်ကာ သိချင်သည်များကို စ၍မေးဖို့ သူရည်ရွယ်လိုက်သည်။
"မကြာသေးဘူး ကိုနေ ဟိုမှာ တော်တော်ကြာအောင် စောင့်လိုက်ရတယ်။ ဒီဘက်ကို ပြောင်းမိန့်မကျလို့လေ"
ခေါင်းတငြိမ့်ငြိမ့်သာ လက်ခံရသည်။ ဘာလို့ မဆက်သွယ်လဲ မေးချင်သော်လည်း ပြယ်မကြိုက်မှာက စိုးရသေးသည်။
"ပြယ် အခုဘယ်မှာနေတာလဲ"
"အရင်အိမ်မှာပဲ ကိုနေ"
ခေါင်းငြိမ့်ပြကာ ပြယ်ကြိုက်သော ဂေါ်ဖီထုတ်ကြော်လေး ခပ်ထည့်ပေးမိသည်။ နှစ်ယောက်ကြားမှာ ပြောစရာတွေရှိရဲ့သားနဲ့ အခုတော့ တိတ်ဆိတ်စွာ ထမင်းစားနေမိသည်။ အတွေးကိုယ်စီနဲ့ပေါ့။
"မော်ကြီးနဲ့ရိပ်တို့ကို မင်းပြန်လာတာ ပြောပြလိုက်မယ်"
သူပြောလေတော့ ပြယ်က ထမင်းစားနေရင်း ချက်ချင်းမော့ကြည့်သည်။ မျက်လုံးတွေထဲမှာ ပျော်ရွှင်နေဟန်။ သူငယ်ချင်းမက်သော ပြယ်က သူငယ်ချင်းတွေကိုတော့ သတိရနေဟန်။ မနာလိုလိုက်တာ ဟိုနှစ်ကောင်ကို။
"သူတို့ရော ဘာတွေလုပ်နေကြလဲ"
"ရိပ်ကတော့ ငါနဲ့တူတူ ဆေးကျောင်းတက်ခဲ့တာ။ အခုတော့ ဆေးခန်းလေး ကိုယ်ပိုင်ဖွင့်ထားပြီး အလင်းရိပ်ဆိုတဲ့ ကလောင်နာမည်နဲ့ စာရေးနေတယ် "
ခေါင်းတငြိမ့်ငြိမ့်သာ လက်ခံ၍ လက်ရှည် ရှပ်အကျီကို တံတောင်ဆစ်သို့ ခေါက်တင်သည်။ အရင်က ချစ်စရာကောင်းသော ကောင်လေးသည် အခုတော့ ခန့်ညားသော အသွင်ကို ဖန်တီးနေသည်။ ပြယ့်နားမှာ ကောင်မလေးတွေတော့ ပတ်လည်ဝိုင်းနေမှာပါပဲ။
"မော်ကြီးကတော့ နိုင်ငံခြားကနေ ဒီဇိုင်နာပညာ သင်ခဲ့ပြီး အခု နေပြည်တော်မှာ ဒီဇိုင်နာ သင်တန်းဖွင့်ထားတယ်။ ပိတ်ရက်မှ တူတူတွေ့ဖို့ ခေါ်လိုက်မယ်"
YOU ARE READING
တသွေမတိမ်း (completed)
Romantikဒီ fic လေးဟာ username mhaingnge ဆိုတဲ့ wp acc မှာတင်ဖူးပါတယ်။ ဒါမဲ့ wp error တက်ရင်းရော ကိုယ့်ရဲ့လက်ကလိမှုကြောင့် acc ထဲ ပြန်ဝင်မရဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ပြီးဆုံးခါနီးပြီး ဖြစ်တဲ့ ဒီfic ကလေးကို ပြန်တင်ပါ့မယ်။ ဤfic သည် ကိုယ့်ရဲ့ ကိုယ်ပိုင်စိတ်ကူးဖြစ်...