အနည်းငယ်လန့်သွားသော မေ့ကိုအိပ်ခန်းထဲပို့ထားခဲ့ကာသားတို့အခန်းဖက်ထွက်လာခဲ့လိုက်သည်။ အခန်းတံခါးကိုအသာတွန်းဖွင့်လိုက်တော့ စောင်ခြုံပြီးငြိမ်နေလိုက်သည့်သားကြီးအား ဖျတ်ခနဲတွေ့လိုက်ရသည်။ဦးမြတ်ဟန်ကုတင်နားရောက်သည့်အခါ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေသော သားငယ်၏ခေါင်းလေးကိုဖွဖွပွတ်ပေးလိုက်ပါ၏။ ထို့နောက်...
"သားကြီး...ခဏထဦး မအိပ်သေးတာအဖေသိတယ်"
ထိုအခါသားကြီးကစူပုပ်ပုပ်မျက်နှာဖြင့်ငုတ်တုတ်ထထိုင်လာသည်။
"ကြောင်ကုတ်သွားတယ်ဆို ဆေးထည့်ပြီးပြီလား ပြဦး"
မော့ကြည့်လာသောသားကြီး၏ မျက်ဝန်းများထဲတွင်မလုံမလဲမှုများကိုတွေ့လိုက်ရသည်။ ဦးမြတ်ဟန်သက်ပြင်းရှိုက်လိုက်ရင်း သားဖြစ်သူဘေးဝင်ထိုင်လိုက်ကာ...
"ကြောင်ကုတ်ခံရတာမဟုတ်ဘူးမလား"
သားကခေါင်းညိတ်ပြလာ၏။
"ညီလေးကိုကုတ်သွားလို့မလား"
ဘာမှပြန်မပြောဘဲငြိမ်နေတာကြောင့် ဦးမြတ်ဟန်စကားဆက်လိုက်ပါသည်။
"သားညီလေးအသားနာသွားလို့လုပ်တာဆိုရင်တောင် ညီလေးမှာဒဏ်ရာတွေကိုပျောက်အောင်လုပ်ပေးသူတွေရှိတယ်လေ..."
ဦးမြတ်ဟန်သူ့စကားကိုစိတ်ဝင်စား,မစားအကဲခတ်လိုက်တော့ ငြိမ်သက်ပြီးနားထောင်နေကြောင်းတွေ့လိုက်ရသည်။
"တိရစ္ဆာန်လေးတွေဆိုတာ အသိဉာဏ်မမြင့်ဘူးလေသားရဲ့.. ချစ်ရင်လည်းခံရမှာသတ်ရင်လည်းသေရမှာ ခံစားချက်တွေကိုဖော်ပြစရာစကားသူတို့မှာမရှိဘူး သား..အဲ့ဒီတော့ကိုယ့်ထက်အားနည်းသူကိုအနိုင်ယူတာ ကောင်းလားမကောင်းဘူးလား ပြော သား"
သားကြီးကခေတ္တငြိမ်သက်နေပြီးမှ...
"မကောင်းပါဘူး အဖေ"
"ဒါပေါ့ သားရဲ့ မကောင်းတဲ့ကိစ္စပဲ....ကြောင်လေးကိုရေထဲပစ်ချလိုက်တာသားညီလေးမြင်သွားရင် သားကိုဘယ်လိုထင်သွားမယ်ထင်လဲ"
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022