ဦးမြတ်ဟန်ကိုမြင်တော့ ကုတင်ခေါင်းရင်းတွင်ကိုယ်တစ်ပိုင်းမှီထိုင်နေသူကကပျာကယာထဟန်ပြင်၏။ ဦးမြတ်ဟန်မှနေသာသလိုနေရန်လက်ဟန်ပြလိုက်ပြီး...
"သက်သာသလိုနေပါ ကိုနေလင်းမောင်...ခင်ဗျားကလူမမာပါ"
"ကိုမြတ်ဟန် ကျွန်တော်"
ဦးမြတ်ဟန် သူ့ကုတင်ဘေးကခုံမှာဝင်ထိုင်တော့လက်တွေကိုဆွဲကိုင်လာကာပြောစရာစကားရှာမတွေ့ဟန်ဖြစ်နေပုံရသောကြောင့် ဦးမြတ်ဟန် ဦးနေလင်းမောင်လက်များကိုပြန်လည်အုပ်ကိုင်လိုက်ပြီး နားလည်ပါတယ်ဆိုတဲ့သဘောဖြင့်ခေါင်းညိတ်ပြလိုက်လေသည်။
"ကျွန်တော့်မှာပြောစရာတွေအများကြီးပဲ ပြီးတော့တောင်းပန်ချင်တာတွေလည်းအများကြီးပဲ များလွန်းလို့ဘယ်ကဘယ်လိုစပြောရမှန်းတောင်မသိတော့ပါဘူးဗျာ..."
ယခုမချိတင်ကဲရေရွတ်နေသူဖြစ်နေမည့်ခံစားချက်ကို ဦးမြတ်ဟန်နားလည်ပါသည်။ ခံစား၍လည်းရပါသည်။
"အေးဆေးပြောပါ ကိုနေလင်းမောင်...ကျွန်တော်အခုလာခဲ့တာ ခင်ဗျားပြောသမျှနားထောင်ပေးဖို့ပါ အဲ့ဒီတော့အေးဆေးပြောပါ"
Heart attack သမားမို့စိတ်ကိုအေးအေးထားပြီးပြောဖို့လိုကြောင်းစကားထောက်ပေးလိုက်ရပါ၏။ ထိုအခါ ကုတင်ပေါ်မှလူကသူ့ကိုအုံ့အုံ့မှိုင်းမှိုင်းကြည့်နေရင်းမှရုတ်တရက်ဆိုသလိုပင်ကုတင်အောက်ဆင်းကာဒူးထောက်လေသည်။ ဦးမြတ်ဟန်လည်းအလျှင်အမြန်ပြောင်းလဲသွားသောအခြေအနေပေါ်ကြောင်ကြည့်နေမိပြီးမှ အသိဝင်လာရကာဒူးထောက်နေသူအားဆွဲထူလေ၏။
"ကျွန်တော်တောင်းပန်ပါတယ် ကိုမြတ်ဟန် ကျွန်တော်အများကြီးတောင်းပန်ပါတယ်ဗျာ..."
"ဟာ....ဟေ့လူ အဲ့လိုမလုပ်ပါနဲ့ ထစမ်းပါဗျာ!!"
လင်းထွဋ်ကတော့ပြုတ်ထွက်သွားသောဆေးပိုက်ကို အသည်းအသန်ပြန်ယူကာ ဦးနေလင်းမောင်လက်ဖျံထဲပြန်ထည့်ဖို့လုပ်နေလေသည်။
"အန်ကယ်ရဲ့ စိတ်မလှုပ်ရှားနဲ့...သွင်းရမဲ့ဆေးပမာဏတွေကမောက်ကမဖြစ်ကုန်ရင် ဒုက္ခရောက်ကုန်မယ်"
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022