လက်တစ်ဖက်ကဖုန်းခေါ်နေပြီးတစ်ဖက်က,ကား steering ကိုထိန်းနေရသည်။ ကားသုံးစီးအကျော်လောက်တွင်ရှိနေသော ကားကိုလည်းမျက်ခြေမပြတ်စေဖို့ အာရုံစိုက်နေရသည့်အတွက် လင်းထွဋ်တစ်ယောက်တည်းဗျာများနေရ၏။ ဒီကြားထဲခေါ်နေတဲ့ဖုန်းကလည်း ဝင်သာဝင်ပြီးလက်ခံဖြေဆိုမှုမရှိတော့အပူလုံးတွေပိုကြွလာရပြီး....
"ကျွတ် !!! ဖုန်းကိုင်ပါ အောင်ဘုန်းဟန်ရ!!"
ထိုစဥ် သူ့ကားမှာမီးပွိုင့်မိသွားရပြီး အရှေ့ကကားမှာတော့လှောင်ချိုင့်မှလွတ်သွားသည့်ငှက်ပမာမောင်းနှင်သွားလေ၏။ လင်းထွဋ်ကား steering ကိုတစ်ချက်ပိတ်ထုလိုက်ပြီးနောက်...
"တောက် !!! ကွာ...!"
မြင်ကွင်းထဲမှတဖြည်းဖြည်းဝေးသွားသည့် ကားကိုကြည့်ပြီး လွန်ခဲ့သည့်နာရီဝက်ခန့်လောက်က ဆေးရုံမြေအောက်ကားပါကင်တွင်တွေ့ခဲ့ရသော ဂျူနီယာလေး၏ပုံရိပ်မှာသူ၏အာရုံဝယ်တရိပ်ရိပ်ပြန်ပေါ်လာသောအခါ စိုးရိမ်မှုဒီဂရီသည်အမြင့်ဆုံးအမှတ်တိုင်တက်ဆောင့်၏။
လွန်ခဲ့သော နာရီဝက်ခန့်.....
ဌာနတွင်းအစည်းအဝေးအတွက် လိုအပ်တဲ့ဖိုင်တချို့ကားပေါ်မှာကျန်နေခဲ့တာကြောင့် မြေအောက်ကားပါကင်ဆီဆင်းလာတဲ့လင်းထွဋ်။ ရုတ်တရက်တွေ့လိုက်ရတာက ပျော့ခွေနေတဲ့ဂျူနီယာလေးအား ကားနောက်ခန်းထဲသို့အတင်းထည့်နေသည့် ရှိုင်းဝဏ္ဏမောင်။ထူးဆန်းသောအခြေအနေဖြစ်သည့်အတွက် လင်းထွဋ်အံ့ဩသွားရပြီး...
"ရှိုင်းဝဏ္ဏ မင်း..ဘာ ... ဟာ!!! လွင်ဦးမောင် !!!"
ရှိုင်းဝဏ္ဏမောင်အားဦးတည်သောအမေးစကားမဆုံးခင် မောင်းသူနေရာကိုအကြည့်ရောက်သွားတဲ့လင်းထွဋ်သည် နောက်ခန်းကိုလှည့်ကြည့်နေတဲ့သူအရှေ့ကိုပြန်အလှည့်မြင်လိုက်ရတဲ့မျက်နှာကြောင့် ထိုမျက်နှာရှင်၏အမည်နာမအားအထိတ်တလန့်ရေရွတ်မိလေသည်။ သူ့ကိုမြင်မှ လွင်ဦးမောင်လည်းကားကိုတရကြမ်းမောင်းထွက်လေ၏။
"ဟာ !! ဟေ့ ဟေ့!! မင်းတို့ဘာလုပ်တာလဲကွ !! ဟေ့ကောင် ရှိုင်းဝဏ္ဏရပ်စမ်း !!!"
မောင်းထွက်သွားတဲ့ကားကိုတားဖို့မမီတော့သော်လည်း ရပ်ကျန်နေခဲ့သည့် ရှိုင်းဝဏ္ဏမှာပြေးဖို့လုပ်နေတာကြောင့် လင်းထွဋ်,သူ့ကိုတော့အရတားဆီးလေ၏။ သူ့ကိုကြည့်ပြီး မျက်လုံးပြူးမျက်ဆန်ပြူးနဲ့ပြေးထွက်သွားတဲ့ကောင်နောက် လင်းထွဋ်အလောတကြီးပြေးလိုက်ကာ ကျောပြင်အားခုန်ကန်လိုက်၏။
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022