အောက်...အီး အီး....အွတ်...!!!
လင်းကြက်တွန်သံကြားပြီးမကြာ ဘုန်းကြီးကျောင်းမှအုန်းမောင်းခေါက်သံထွက်ပေါ်လာ၏။
မြို့ပေါ်တွင်ကြားရခဲလှသည့် အသံများဖြစ်သည်။ ထိုအသံများကြားရပြီး တစ်နာရီခွဲခန့်အကြာမှာတော့ ဘုန်းကြီးကျောင်းဘေး မြေကွက်လပ်တွင်သူ့အစုနှင့်သူ မနက်စာစားနေသည့် ဂျူတီကုတ်အဖြူဝတ်ဆရာဝန်များကိုတွေ့ရပါလိမ့်မည်။ မနက်စာက ရွာကစုပေါင်းတည်ခင်းသည့် ထမင်းပူပူနှင့်အကြော်စုံပူပူလေးများ။ ဆလပ်ရွက်တို့စရာနဲ့မန်ကျည်းနှစ်အချဥ်ရည်တို့ကတော့ ချမ်း,အကြိုက်ပေါ့။ ဒီလောက်တော့ကျွန်တော်တို့လည်းဧည့်ခံပါရစေဆိုတဲ့စေတနာအပေါ် ချမ်း,တို့လည်းမြိန်ရည်ယှက်ရည်စားကြခြင်းဖြင့် ပီတိသဒ္ဓါပွားများစေခဲ့ပါ၏။ ထမင်းစားတိုင်းဘေးတွင်သာထိုင်တတ်သူက ရေနွေးတဖူးဖူးမှုတ်ပြီးအအေးခံပေးနေပြန်သည်။ မျက်လုံးနှစ်လုံးပွင့်ကတည်းကလဲ နဖူးစမ်းလိုက် လည်ပင်းလေးစမ်းကြည့်လိုက် မျက်နှာသေချာကြည့်လိုက်နဲ့အရိပ်တကြည့်ကြည့်ဖြစ်နေသူက ကျွန်တော်ဆရာဝန်ဆိုတာကိုမေ့နေပုံရသည်။
"ချမ်း, ရော့ ရေနွေးလေးသောက်"
ချမ်း,ယူသောက်တော့ ပြုံးပြုံးကြီးကြည့်နေပြန်သည်။ ထို့နောက်ကိုကိုကအကြော်တွေကိုတစ်ခါစာဝါးဖို့အဆင်ပြေအောင်ဖဲ့နေပြန်၏။ ဖဲ့ပြီးသားအကြော်တွေကို သူ့ပန်းကန်ထဲထည့်ပေးလာရင်း...
"ချမ်းရ..အိမ်ရောက်ရင် ခရမ်းချဉ်သီးငါးပိချက် ချက်ကျွေးစမ်းပါ ဆလပ်ရွက်လေးမြှုပ်စားရအောင်... မြေပဲဆံကြော်လေးနဲ့ဆိုအရမ်းကောင်းမှာနော်"
"ကိုကိုကြိုက်လား...ကိုကိုကြိုက်ရင်အများကြီးချက်ကျွေးမယ်"
"အင်း...ကိုကိုကြိုက်တယ်"
ကျွန်တော့်ဘေးနားမှာရှိနေတိုင်း အမြဲပြုံးနေတတ်တဲ့သူဟာ တစ်ခါတစ်လေမှာရိုးရှင်းတဲ့အာသီသလေးတွေနဲ့ ကျွန်တော့်ကိုချစ်နေမြဲ...။
YOU ARE READING
ဘုန်းပြည့်ချမ်းဟန် (Complete)
Fantasyဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022