22

908 91 3
                                    

အပိုင်း - ၂၂
စာရေးသူ - Emily

**

ယွီရှင်း ကိုယ်လေး တောင့်သွားသည်။

ဒီအသံ…ညအိပ်တဲ့အချိန်တိုင်း သူမကို ခြောက်လှန့်နေတဲ့အသံ…

"နင့်ကလေးကို ဘယ်သူသတ်လိုက်တာလဲ သိလား?"

"နင့်ကလေးကို ငါသတ်လိုက်တာ. ဟား ဟား ဟား…"

ဟန်ယွီရှင်း နှုတ်ခမ်းများဖြူဖျော့သွားကာ ခြေထောက်များက အားနည်းသွားကာ ခွေလှဲတော့သည်။ ကံကောင်းလို့ ဘေးက ကျိုးရန်ကျင့် ကူထိန်းပေးထားလို့သာ…

"ရှင်းအာ အဆင်ပြေရဲ့လား"

"နေမကောင်းလို့များလား. နားနေခန်းထဲမှာ နားခိုင်းလိုက်လေ"

မုအန်းယီက အိမ်ရှင်ဆိုတော့ ဝင်ပြောလိုက်သည်။

"အဆင်ပြေရဲ့လား ရှင်းလေး. အိမ်ပြန်ကြမလား"

"ဟင့်အင့် ရတယ်။ ရှင်းလေး ခဏပဲ နားလိုက်မယ် ကို"

မုအန်းယီက သူတို့ကို နားနေခန်းသို့ လိုက်ပို့ပေးသည်။ ကျိုးရန်ကျင့်က သူမအနားမှာနေချင်ပေမဲ့ မုအိမ်တော်က လူကြီးတွေက သူနဲ့စကားပြောချင်နေကြတာကြောင့် ယွီရှင်းကို နားနေခန်းထဲမှာပဲ ချန်ထားခဲ့ရသည်။

မွေးနေ့ရှင်ဖြစ်သည့် မုအန်းယီလည်း သူမရဲ့ပွဲဖြစ်တာကြောင့် ဧည့်သည်တွေကို ဧည့်ခံဖို့ ပြန်ထွက်သွားသည်။ နောက်ဆုံး အခန်းထဲမှာ ယွီရှင်းတစ်ယောက်ပဲ ကျန်ခဲ့သည်။ သူမ ခဏလောက်ထိုင်နေပြီးနောက် ထကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။

ပြတင်းပေါက်ကနေ ကြည့်လိုက်ရင် လူတွေနဲ့ ရှုပ်ယှက်ခတ်နေသော ရေကန်ဘေးက ပါတီကိုတွေ့ရသည်။ သူမက အပေါ်စီးကနေ ကြည့်နေတာကြောင့် အားလုံးကို ခြုံငုံပြီးမြင်နိုင်သည်။

ကျိုးရန်ကျင့်က လူကြီးအချို့နဲ့ စကားပြောနေကာ မုအန်းယီကတော့ အမျိုးသမီးငယ်တစ်ချို့နဲ့ စကားဝိုင်းဖွဲ့နေသည်။ ယွီရှင်းရဲ့မျက်လုံးတွေက မုအန်းယီအပေါ်မှာပဲ ကျရောက်နေခဲ့သည်။

သူမ အဲအသံကို လုံးဝမမေ့ခဲ့ပါဘူး။ သူမ အရိုးထဲကနေ စွဲအောင်ထိကို မှတ်မိနေတာ။ မျက်နှာကို မမှတ်မိပေမဲ့ အသံကိုတော့ သူမ လုံးဝကို မှတ်မိပါသည်။ ဒါပေမဲ့ မုအန်းယီက ကျိုးရန်ကျင့်ကို ကိုကိုလို့ မခေါ်သလို မုအန်းယီရဲ့မျက်လုံးထဲမှာ ကျိုးရန်ကျင့်ကို ချစ်နေသည့် အရိပ်အယောင်လည်း မတွေ့ရပေ။ မုအန်းယီက သူမတို့စုံတွဲကို ပြုံးပျော်စွာနဲ့ နှုတ်ဆက်ကြိုဆိုခဲ့သေးသည်မလား။

ထာဝရအတွက် (ထာဝရအတှကျ) (OC)Where stories live. Discover now