Start (Z & U)

2.2K 57 9
                                    

Zawgyi

ကြီးရင်မှီ ငယ်ရင်ချီ တဲ့။ဒီစကားရဲ့အဓိပ္ပါယ်ကို ကိုယ်နားလည်သလောက်ပြောကြည့်မယ်နော်။ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်ထက်အသက်အရွယ်ကြီးသူဆိုရင် အသိဥာဏ်မှအစ၊ကြုံတွေ့ခဲ့သည့်အတွေ့အကြုံအဆုံး ကိုယ့်ထက် အစစအရာရာသာလွန်တတ်သည်မို့ ကိုယ့်အတွက် မှီခိုအားထားပြုရလောက်သည်ဆိုပါတော့၊ငယ်ရင်ချီဆိုတာကတော့ ကိုယ့်ထက်အသက်ငယ်သူဆိုရင် ကိုယ်ကချည်းသူ့အကြိုက်လိုက်လို့ အစစအရာရာကလေးတစ်ယောက်လိုပြောဆိုဆက်ဆံရတတ်သတဲ့လေ။

တကယ်တော့လေ ဒီသတ်မှတ်ချက်တွေဟာ လူတိုင်းအပေါ်တော့မမှန်နိုင်ဘူးလို့ ကိုယ်ထင်တယ်။ဘာကြောင့်ဆို ကိုယ့်ဘေးမှာရှိနေတဲ့ ကောင်ငယ်လေးဟာ ကိုယ်နဲ့ဆို ခုနစ်နှစ်တောင်ကွာတာလေ။ဒီလိုဆိုပြီး ကိုယ်ကအလိုလိုက်ရတယ်များမထင်လိုက်လေနဲ့ အမိတို့။ဒီလူသားလေးရဲ့ ကိုယ့်အပေါ် အလိုက်သိမှု၊ဂရုစိုက်မှုတွေသာ  ချရေးပြလိုက်ရင် ရှင်လေးတို့ အားကျမိမှာ ကိုယ်တော့မြင်ယောင်မိသေးသား။

ကိုယ့်ကလေးလေးကို ကိုယ်က 'မြတ်'လို့တစ်လုံးတည်းအဖျားစွတ်ခေါ်တယ်။လောကမှာ ကိုယ့်အမြတ်နိုးရဆုံးအမည်စာလုံးလေးပေါ့။ဒီစာလုံးလေးကိုကြားလိုက်တာနဲ့ ကိုယ့်စိတ်ထဲရှိသမျှ စိတ်သောကတွေဆိုတာ ခပ်​ဝေးဝေးကိုပြေးတော့တာပါပဲ။'မြတ်'ဆိုတာသာ ကိုယ့်ဘေးမှာရှိနေရင် စိတ်ဆင်းရဲမှုဆိုတာ ချိုနဲ့လားလို့တောင်မေးရမယ်ထင်ပါရဲ့။

'မြတ်'က သိပ်ပြီးထောင်ထောင်မောင်းမောင်းမဟုတ်ပေမဲ့ ငါးပေကျော်ကျော်သာရှိတဲ့ ကိုယ့်အတွက်တော့ ရင်ခွင်မှီအရပ်ပိုင်ရှင်။မဖြူလွန်းမညိုလွန်းတဲ့အသားအရောင်ရှိပြီး ဦးခေါင်းထက်က ဆံသားခွေခွေလေးတွေဟာ သိပ်အသည်းယားစရာကောင်းတယ်။မျက်ခွံလေးတွေက အမြဲမို့နေတတ်ပြီး နှာတံပေါ်ပေါ်လေးဆိုပါတော့။ကိုယ်သဘောအကျဆုံးအစိတ်အပိုင်းကိုပြပါဆိုရင်တော့ နှုတ်ခမ်းတွဲတွဲလေးပဲ ဖြစ်လောက်မယ်။ဆေးမကူပါပဲ ပန်းရောင်နုနုပြေးနေသည်က ကိုယ်တောင်အားကျမိတဲ့အထိ။

သိပ်ပြီး ညွှန်းသလိုဖြစ်သွားမလားမသိဘူးနော်။ကိုယ် သိပ်မြတ်နိုးရသူမို့ ကိုယ့်မျက်စိထဲတော့ 'မြတ်'ကပြည့်စုံလွန်းနေတော့တာပါပဲ။ခုကစပြီး 'မြတ်' နဲ့ပတ်သက်တဲ့ပုံပြင်လှလှလေးကို ကိုယ်ပြောပြတော့မယ်နော်။ပုံပြင်ထဲမှာပါဝင်မဲ့အကြောင်းအရာတွေဟာ အစစ်အမှန်ရော၊စိတ်ကူးယဉ်မှုတွေပါ ရောယှက်နေမှာဆိုပေမဲ့ စိတ်ဝင်စားမယ်ဆိုရင် ကိုယ်နဲ့အတူ လိုက်ပါစီးမျောပေးပါဦးနော်။

မြတ် (မြတ် )Where stories live. Discover now