[ Unicode ]
တိတ်ဆိတ်နေတဲ့ အခန်းထဲမှာ လူနှစ်ယောက်ရဲ့အသက်ရှူသံမျှင်မျှင်ကိုသာ ကျယ်လောင်စွာကြားနေရတယ်။ တစ်ယောက်က ကုတင်ခေါင်းရင်းကို မှီလို့ထိုင်နေပြီး မျက်လုံးသေတွေနဲ့ ပြတင်းတံခါးကနေတစ်ဆင့်မြင်နေရတဲ့ ကောင်းကင်ကြီးကိုကြည့်နေတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ကုတင်ပေါ်ကလူသားလေးကိုသာ တစ်စိမ့်စိမ့်ကြည့်နေခဲ့တာဖြစ်တယ်။ သေချာကြည့်ရင်တော့ ထိုမျက်၀န်းတွေမှာ အရည်ကြည်တွေရစ်သိုင်းနေပြီး ယူကျုံးမရမှု၊ နောင်တနဲ့ မစွန့်လွှတ်နိုင်မှုတွေကိုပါ မြင်နေရမှာဖြစ်တယ်။
" ရိပေါ် "
" အင်း.... ကျန့် ကိုယ်ရှိတယ်၊ ခေါင်းကိုက်လို့လား ခဏလေးနော် ကိုယ်ဆရာ၀န်သွားခေါ်လိုက်ဦးမယ် "
အလောသုံးဆယ် ထွက်သွားတော့မယ့် လူရဲ့လက်ကို ရှောင်းကျန့်ကဖမ်းဆုပ်ထားလိုက်တယ်။
" ဘာမှမဖြစ်တာမို့ သွားခေါ်စရာမလိုဘူး "
ထိုအခါမှ သူဆွဲထားတဲ့လက်ကိုအပေါ်ကအုပ်ကိုင်လို့ ကုတင်ပေါ်ကိုဘေးတစ်စောင်း၀င်ထိုင်ပြီး သူ့ကိုကြည့်လာတယ်။
" ဒီခွဲစိတ်မှုက ငါ့အတွက်အာမခံချက်မရှိဘူးဆိုတာမင်းသိတယ်မလား "
" အင်း "
ထိုစကားကြားတော့ရိပေါ်က သူ့ကိုမကြည့်တော့ပဲ ဆေးရုံကြမ်းပြင်စီကိုအကြည့်လွှဲသွားခဲ့တယ်။
" ခွဲစိတ်ဖို့လက်ခံလိုက်တဲ့ အဓိကရည်ရွယ်ချက်က ပါးနဲ့မားကြောင့်ပဲ ငါ့ကိုသူတို့လွယ်လွယ်လက်လျော့စေချင်မှာမဟုတ်ဘူး၊ ပြီးတော့ Sam၊ Tine၊ ရှင်းနဲ့ဆိုး ငါတန်ဖိုးထားရတဲ့သူတွေအကုန်လုံးနဲ့ အချိန်အနည်းငယ်ဖြစ်ဖြစ်အတူရှိနေချင်သေးလို့.... မင်းကြောင့်မဟုတ်ဘူး ရိပေါ် "
ကြမ်းပြင်ကိုကြည့်နေတဲ့ ရိပေါ်က ထိုစကားကြောင့်မျက်ရည်စတို့ပြည့်နှက်နေတဲ့ မျက်၀န်းတွေနဲ့ကြည့်လာတယ် တစ်ချိန်ထဲမှာပဲ ဆုပ်ကိုင်ခံထားရတဲ့သူ့ရဲ့လက်တို့ကလဲ အားနဲ့ဖျစ်ညှစ်ခြင်းခံလိုက်ရတယ်။
သို့သော် ရှောင်းကျန့်က ပြောလက်စ စကားကိုဆက်ပြောတယ်၊ ရိပေါ်ကလဲအကြည့်ပြန်လွှဲသွားတယ် အင်း.... လက်ကိုတော့ တင်းတင်ကြပ်ကြပ်ဆုပ်ကိုင်ထားစဲ။