Part-15

2.8K 391 81
                                    

Professor's Bad Guy

Zawgyi

  အပေါ်ထပ်အိပ်ခန်းတစ်နေရာ ပြတင်းပေါက်မှန်မှတစ်ဆင့် ထွန်းလင်းထားသည့်မီးအလင်းရောင်ကြောင့် ကောင်ငယ်လေးမအိပ်သေးဘူးဆိုတာ အတတ်သိ၏။ ထိုအိပ်ခန်းအတွင်း ဝင်ရောက်နိုင်ရန်အတွက် အကြိမ်ကြိမ်အခါခါကြိုးစားခဲ့ဖူးသော်လည်း ခြံဝန်းထဲကင်းစောင့်အဖြစ်ချထားသည့် အလုပ်သမားများကြောင့် ကြိုးစားခဲ့ဖူးတဲ့အကြိမ်ရေအားလုံး သဲထဲရေသွန်သလိုသာ ဖြစ်ရသည်။
 
  ကောင်ငယ်လေးကို ပြန်ခေါ်သွားတဲ့တစ်ပတ်အတွင်း ကောင်ငယ်လေးရှိရာအိမ်ရှေ့တွင်သာ နေ့ညမလပ်စောင့်မျှော်ခဲ့ဖူးသော်လည်း ကောင်ငယ်လေး၏မျက်နှာမြင်ခွင့်မရသလို အရိပ်အယောင်ပင်မတွေ့ရ။ လိုက်ကာစလေး ဖျတ်ခနဲ လှုပ်ခတ်သွားသည့်အချိန်တိုင်း ခြေဖျားလက်ဖျားတွေအေးကာ လည်ပင်းတဆန့်ဆန့်ဖြင့် မော်ကြည့်ခဲ့ရသည်။
 
  အိမ်ထဲဝင်ပြီး ကောင်ငယ်လေးကိုသွားဆွဲခေါ်ရန် စဉ်းစားမိသော်လည်း ကောင်ငယ်လေးနဲ့မညားခင် ဂျေးအောင်းနေရပြန်ဦးမည်။
 
  အနှစ်နှစ်အလလ မြင်တွေ့ခွင့်ရခဲ့တဲ့မျက်နှာလေးက တစ်ပတ်ဆိုတဲ့အချိန်အတွင်း ဘယ်လိုဘယ်ပုံရှိနေမလဲဆိုတာ တွေ့ချင်မြင်ချင်နေမိသည်။ မိတ်ဆွေအပေါင်းအသင်းရဲ့သမီးနဲ့ ကောင်ငယ်လေးကို ဒီတစ်ပတ်အတွင်း လက်ထပ်ပေးရန်တိုင်ပင်နေကြခြင်းကို ကြားသိထားရခြင်းမို့ နေထိုင်ရခက်လှ၏။
 
  အသည်းကွဲလျှင် အများသူငှါလို အရက်သောက်ပြီး ချစ်ရသူအိမ်ရှေ့အော်ဟစ်ပေါက်ကွဲပြချပေမယ့် သူ၏အသက်အရွယ်က လူပျိုပေါက်စအရွယ်မဟုတ်တော့ ချစ်ရသူမျက်နှာမြင်ရဖို့ ကားထဲဝင်ထိုင်ပြီး မှန်ဘီလူးတစ်လက်နှင့် သူခိုးချောင်း,ချောင်းနေရသည်။
 
  ဖုန်းတစ်ခါဆက်မိချိန် စီနီယာရဲ့အော်ဟစ်​ဖြေဆိုသံသာကြားလိုက်ရပြီး နောက်တစ်ခေါက်ပြန်ဆက်မိချိန်မှာတော့ လူကြီးမင်းနဲ့သာ တိုးတော့၏။ ဖခင်ရဲ့အတင်းတိုက်တွန်းမှုကြား ကလေးပီပီ ခေါင်းညိတ်လက်ခံလိုက်မိမှာကို စိုးရိမ်မိ၏။ ခြံထဲလမ်းလျှောက်ဆင်းတာမတွေ့ရသလို ဝရံတာအပြင်ဘက် လမ်းလျှောက်ထွက်ခြင်းကိုလည်း မတွေ့ရ။
 
  အချိန်တွေကကုန်တာမြန်လွန်းသည်။ နေမင်းကြီးသည်လည်း တဖြည်းဖြည်းပေါ်ထွက်လာပြီး တိတ်ဆိတ်မှုကြီးမှာလည်း လူအများရဲ့စကားပြောသံနှင့် ဖြတ်သွားဖြတ်လာကားသံများက ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာသလို လမ်းမကြီးနံ​ဘေး​တွေ၌ ထွန်းလင်းထားသည့် မာကျူရီမီးရောင်များကိုပိတ်လိုက်​သော်လည်း ပတ်ဝန်းကျင်တို့ကို ရှင်းလင်းစွာမြင်တွေ့ရ၏။
 
  ဒီတစ်ရက်လည်း ကောင်ငယ်လေးကိုမတွေ့ရ။

𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲Tahanan ng mga kuwento. Tumuklas ngayon