Professor' Bad Guy
Zawgyi
"ဟို. . .မင်္ဂလာပါ အဖိုးနဲ့အဖွား"
မျက်နှာချင်းဆိုင်တွင်ထိုင်နေကြသည့် မိဘနှစ်ပါးအား အဖိုးအဖွားအခေါ်အဝေါ်ဖြင့် နှုတ်ဆက်လိုက်သည့်ကောင်ငယ်လေးကြောင့် ရီပေါ်မျက်နှာမှာ ပြိုတော့မည့်မိုးလို ရှုံ့တွသွားရသည်။ အသက်အရွယ်အပိုင်းအခြားကွာခြားလှသောကြောင့် ကောင်ငယ်လေး၏အခေါ်အဝေါ်က မမှားပေ။ ဖခင်အသက်သည်ခုနှစ်ဆယ်ရှိပြီဖြစ်သလို မိခင်အသက်သည်ခြောက်ဆယ်ကျော်လေပြီ။ သူ့အသက်က လေးဆယ်၊ ကောင်ငယ်လေးရဲ့အသက်ကတစ်ဆယ့်ရှစ်နှစ်ပင်မပြည့်သေး။
"အေး. . .အေး၊ မင်္ဂလာပါကွယ်"
မိခင်ဖြစ်သူက အပြုံးပန်းတွေဝေဆာနေသလောက် ဖခင်ဖြစ်သူရဲ့မျက်နှာသည် ပကတိအတိုင်းတည်ငြိမ်ခြင်းမရှိပါဘဲ မဲ့ကျသွား၏။
"မား. . .ပါး. . .ဒါကျွန်တော့်ကျောင်းသား ရှောင်ကျန့်"
"ဟုတ်ကဲ့ ကျွန်တော့်နာမည်ကရှောင်ကျန့်ပါ"
"ကလေးလေးက ချစ်စရာကောင်းလိုက်တာ"
"ဘယ်နားကချစ်စရာကောင်းနေလို့လဲ"
ဖခင်ဖြစ်သူရဲ့တီးတိုးပြောလိုက်သည့်စကားကြောင့် မိခင်ဖြစ်သူသည် ကောင်ငယ်လေးအား အားနာကြည့်ကြည့်၍ပြုံးပြကာ ဖခင်အားတံတောင်ဖြင့်တွတ်ထိုးလေသည်။
"ဟုတ်တယ်. . .ဟုတ်တယ် အဖိုးပြောတာမှန်တယ် ကျွန်တော်ကချစ်စရာကောင်းတာမဟုတ်ဘူး ချောတာ"
"အို. . .ကလေးလေးဟာ စကားတတ်လိုက်တာ၊ ဖွားလည်းလေ ကလေးလေးလို မြေးတစ်ယောက်သိပ်ရချင်တာပဲ၊ သားဝမ်ကလည်း ခုချိန်ထိအိမ်ထောင်မပြုတတ်သေးဘူး"
ဂုဏ်ပကာသနတွေကိုခဝါချပြီး ပျော်ပျော်နေတတ်သည့် ပရော်ဖက်ဆာဝမ်ရဲ့မိခင်ဖြစ်သူကြောင့် အနည်းငယ်စိတ်ပေါ့ပါးရပေမယ့် ဖခင်ဖြစ်တဲ့လူကြီးကြောင့် အနေအထိုင်ဆင်ခြင်မိလျက်ဖြစ်ကာ ခြေထောက်နှစ်ချောင်းလေးကိုစေ့၍ ထိုင်မိလေသည်။ အိမ်ကဖခင်ဖြစ်သူရှေ့ပင် ထိုသို့တစ်ရံတစ်ခါမျှ ထိုင်ခဲ့ဖူးသည်မဟုတ်။
အရှေ့မှလူကြီးသည်နှုတ်ခမ်းတစ်ချက်တွန့်၍ နှာတစ်ချက်မှုတ်ကာ သတင်းစာတစ်စောင်ကိုကောက်ကိုင်လိုက်ပြီး ခြေချိတ်ထိုင်ရင်း ဖတ်နေသည်ကြောင့် ဖွားသည်သူ့ကိုလှည့်၍ အားနာပြုံးပြုံးပြပြီး၊ ခင်ပွန်းဖြစ်သူအား မျက်စောင်းတွေလှိမ့်ထိုးနေလေသည်။
"မား. . .ရှောင်ကျန့်က ဒီအိမ်မှာတစ်ပတ်လောက်နေလိမ့်မယ်"
"အို. . .တစ်ပတ်ပဲနေနေ၊ တစ်သက်လုံးပဲနေနေ၊ မားကတော့ ဒီကလေးလေးကို သိပ်ချစ်တာပဲ"
"အဟွန်း. . .အဟွန်း"
သတင်းစာထိုင်ဖတ်နေရင်းမှ လုပ်ချောင်းတွေဆိုးနေသည့် ခင်ပွန်းဖြစ်သူ၏ခြေထောက်ကို ခပ်ဆတ်ဆတ်တက်နင်းလိုက်ရင်း နှုတ်ခမ်းကိုက်ကာ မျက်စောင်းထိုးပစ်လိုက်၏။
"ကလေးလေးက ဒီအိမ်မှာနေမှာဆိုတော့ ဖွားတော့မပျင်းရတော့ဘူးပေါ့၊ ဒါနဲ့ ကလေးလေးရဲ့အသက်က"
"တစ်ဆယ့်ရှစ်နှစ်ပြည့်တော့မှာပါ ဖွား"
"တော်တော်ငယ်သေးတာပေါ့"
"မား. . .ကျွန်တော်ရေမိုးချိုးလိုက်ဦးမယ်၊ ရှောင်ကျန့် အနောက်ကလိုက်ခဲ့"
"မလိုက်သေးပါဘူး ဖွားနဲ့စကားပြောကောင်းနေတာကို"
မိခင်ဖြစ်သူက မြေးခေါ်လိုက်၊ ကောင်ငယ်လေးက ဖွားခေါ်လိုက်၊ မြေးအဖွားဇာတ်သွင်းနေကြသော ချစ်ရတဲ့လူသားနှစ်ဦးကြောင့် စကားစပြတ်အောင် ကောင်ငယ်လေးအားခေါ်လိုက်သော်လည်း ဘူးခံငြင်းနေသည်ကြောင့် စိတ်ပျက်လက်ပျက်ဖြင့် အပေါ်ထပ်သို့တက်ကာ ရေချိုးရန်ပြင်လိုက်၏။
"ကလေးလေး ဒီမှာထိုင်နေဦးနော်၊ ဖွား ဟင်းချက်သွားကူလိုက်ဦးမယ်"
"ဟုတ်ကဲ့"
ပရော်ဖက်ဆာဝမ်၏မိခင်သည် သူ့ကိုထားပြီးထွက်သွားသည်ကြောင့် ထိုလူကြီးနှင့်သူသာ ဧည့်ခန်းအတွင်းထဲကျန်ရစ်သည်မို့ ပရော်ဖက်ဆာဝမ်ခေါ်ကတည်းက လိုက်ပါမသွားခြင်းကိုနောင်တရမိသည်။ ထိုလူကြီးသည်သတင်းစာထိုင်ဖတ်နေရာမှ သူ့အားတစ်ချက်တစ်ချက် စွေစွေကြည့်ပြီး သူ့ပြန်ကြည့်လိုက်တိုင်း သတင်းစာအားပြန်ကြည့်နေပြန်သည်။
ဧည့်ခန်းအတွင်းထဲဝေ့ဝဲကြည့်လိုက်တော့ တန်ဖိုးကြီးပစ္စည်းများကို အလှချိတ်ဆွဲထားရှိကြပြီး၊ နီညှိုရောင်စန္ဒယားကြီးတစ်လုံးကိုပါ တွေ့မြင်လိုက်ရသည်မို့ အနားလျှောက်သွားကာ ထိုစန္ဒယားခလုတ်လေးတွေပေါ်သို့ လက်ချောင်းလေးတွေဖြင့်ဖိနှိပ်တီးကြည့်တော့ ထိုလူကြီးကသူ့ဘက်လှည့်ကြည့်လာသည်ကို မျက်လုံးထောင့်မှရိပ်ခနဲမြင်တွေ့လိုက်ရသလို ပြုံးနေခြင်းကိုလည်း ဖျတ်ခနဲတွေ့မြင်ရသည်။
"တီးကြည့်ချင်လို့လား"
ထိုင်ရာမှထလာပြီး သူ့အနားသို့ရပ်ကာ မေးမြန်းလာသည့် ထိုလူကြီးသည် အသက်ခုနှစ်ဆယ်ဖြစ်သော်လည်း သူ၏ဖခင်းလို ဝဖိုင်းဖိုင်းနဲ့ဆံပင်ထိပ်ပြောင်ခြင်းမရှိပါဘဲ ခန့်ညားနေတုန်းပင်။ ပရော်ဖက်ဆာဝမ်တို့အရှေ့တွင်ရှိသော မျက်နှာထားအစ လေသံအဆုံး လားလားမှမဆိုင်ဘဲ ခုများတွင်တော့ လေသံကအစပျော့ပြောင်းနေပြီး မျက်နှာသည်လည်း ပကတိအတိုင်းတည်ငြိမ်နေလေသည်။
"မတီးတတ်ဘူး၊ စိတ်ဝင်စားလို့ ကိုင်ကြည့်ရုံလေးပဲ"
"ငါသင်ပေးရမလား"
"ဟင့်အင်း. . .စန္ဒယားတီးတယ်ဆိုတာ စိတ်ကိုအနူးညံ့ဆုံးထားမှအဆင်ပြေတာ၊ ကျွန်တော်က အမြဲတမ်းဒေါသထွက်နေတတ်တာ"
"မသင်ချင်လည်းသဘောပေါ့"
ဘေးတိုက်မြင်နေရသည့် ဆံပင်အုပ်အုပ် ပါးဖောင်းဖောင်းလေးနဲ့ ကလေးလေးကြောင့် ဝမ်လော့ကွမ် အသည်းယားနေရသည်။ သားဖြစ်သူ ဧည့်ခန်းအတွင်းသို့ ပွေ့ချီလာစဉ်ကတည်းမှ ရင်ခွင်ထဲမှအကောင်ပေါက်လေးကို ဖျစ်ညှစ်ပစ်ချင်သည်မှာ လက်တယားယား။
ကိုယ့်ဣနြေ္ဒကိုမပျက်ရလေအောင် သားဖြစ်သူနဲ့ဇနီးအရှေ့၌ အကန်တွေပြောပြီး သတင်းစာကောက်ကိုင်ဖတ်လိုက်သော်လည်း မျက်လုံးတွေက စာတွေပုံတွေကိုမမြင်ဘဲ အရှေ့မှအကောင်ပေါက်လေးကို ခိုးခိုးကြည့်ရသေးသည်။ သူ့ကိုယ်သူချောတယ်လို့ပြောချိန်ကဆို ရယ်ချပစ်ချင်သည့်စိတ်အား အောက်နှုတ်ခမ်းကိုကိုက်၍ အော်မရယ်မိအောင်ထိန်းထားလိုက်ရသေးသည်။
အသည်းယားစရာကောင်းလွန်းလှသော အကောင်ပေါက်လေးအား အိမ်သို့ခေါ်ဆောင်လာသည်မှာ အချိန်နောက်ကျခြင်းကြောင့်လည်း သားဖြစ်သူကို စိတ်ထဲမှ မေတ္တာလှမ်းပို့ရသေးသည်။
ဒီအိမ်မှာ တစ်ပတ်ကျော်တဲ့အထိနေအောင် ဘာလုပ်ပေးသင့်လဲ. . .
မုန့်ထုပ်တွေနဲ့ မျှားခေါ်ထားရမလား. . .
အလိုလိုက်အကြိုက်ဆောင်ပေးမှုတွေနဲ့ မျှားခေါ်ထားရမလား. . .
ထိုသို့အပြုအမူတွေသာလုပ်ရင် ဇနီးဖြစ်သူက သူ့အားကျိန်းသေပေါက် စနောက်နေဦးမည်။ ချစ်စရာကောင်းလွန်းတဲ့အကောင်ပေါက်လေးက အဖိုးရဲ့မြေးအရင်းသာဖြစ်လိုက်ပါတော့လား. . .
ဒီလိုအသည်းယားစရာအကောင်ပေါက်လေးလို မြေးရအောင် သားဖြစ်သူကို အမြန်ဆုံး အိမ်ထောင်ချပေးမှဖြစ်တော့မည်။
-------------------------------------------
ထမင်းစားရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းပြောရန် ခင်ပွန်းဖြစ်သူနဲ့ထိုကလေးလေးအား ဧည့်ခန်းအတွင်းသို့ဝင်ရန် ခြေလှမ်းလှမ်းလိုက်စဉ် မြင်တွေ့လိုက်ရသည့်မြင်ကွင်းကြောင့် သူမမှာ ထောင့်အကွယ်လေးတွင်ကွယ်ဝှက်ပုန်း၍ ဧည့်ခန်းထဲမှနှစ်ယောက်ကို ချောင်းကြည့်မိတော့၊ သူမတို့ရှိစဉ်တုန်းက ထိုကလေးလေးအား အကန်တွေသာပြောပြီး သတင်းစာထိုင်ဖတ်နေသည့် ခင်ပွန်းဖြစ်သူက ယခုများတွင်တော့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိကိုင်ခြင်းမပြုလုပ်စေသော စန္ဒယားကြီးကို ထိုကလေးလေးအား ထိကိုင်ခိုင်းနေစေပုံကြောင့် ရယ်လိုက်မိသည်။
အကန်တွေသာပြောပြီး ရင်ထဲမှာထိုကလေးလေးကို အသည်းယားနေမယ်ဆိုတာ သူမသိပြီးသား။
"မား. . .ဒီမှာဘာလုပ်နေတာလဲ"
"အရှေ့ကိုကြည့်ကြည့်လေ"
ရေမိုးချိုးအဝတ်စားလဲပြီးပြီးချင်း ကောင်ငယ်လေးရှိရာအောက်ထပ်သို့ဆင်းခဲ့တော့ ဧည့်ခန်းထဲသို့မဝင်ပဲ နံရံအကွယ်၌ချောင်းကြည့်နေသည့် မိခင်ကိုတွေ့မြင်လိုက်ရသည်ကြောင့် အနားသို့သွားကာမေးမိတော့ နှုတ်ခမ်းကိုလက်ညှိုးတေ့၍ တိတ်တိတ်နေရန်ပြောနေသည့်မိခင်သည် ဧည့်ခန်းအတွင်းသို့လက်ညှိုးထိုးကာ မေးဆတ်ပြလေသည်။
တစ်ချိန်တစ်ခါမှ မည်သူတစ်ဦးတစ်ယောက်ကမျှ ထိကိုင်ခြင်းမပြုလုပ်စေသော စန္ဒယားကြီးကို ကောင်ငယ်လေးသည် တဒေါင်ဒေါင်တဒင်ဒင်တီးခတ်နေပါသော်လည်း ဘာအပြစ်မှမဆိုဘဲ အပြုံးကြီးကြီးချိတ်ဆွဲကာ ကျေနပ်ပီတိဖြစ်နေသည့်ဖခင်ကြောင့် သူကိုယ်တိုင်ပင် အံ့ဩရသည်။ စန္ဒယားကြီးအား သန့်ရှင်းရေးလုပ်တာကိုပင် ကိုယ်တိုင်လုပ်ပြီး အနားသို့သွားရန်ကိုပင် မကြိုက်သည့်ဖခင်ကြီးက ကောင်ငယ်လေးကိုတော့ ထိုင်ခုံပေါ်ထိုင်ပြီးတောင် တီးပြနေသေးသည်။
ကျောင်းလူမိုက်စရိုက်ဖြစ်သော်လည်း သူ၏ကောင်ငယ်လေးက မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေဆိုတဲ့တောင်းဆု ပြည့်ဝထားပုံပင်။
YOU ARE READING
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfiction𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)