Professor's Bad Guy
Zawgyi
မျက်လုံးများကိုအတင်းအားယူဖွင့်ရင်း ကောင်ငယ်လေးကို အစာကျွေးရန်နိုးထမိလေတော့ ရင်ခွင်အတွင်းပွေ့ဖက်ထားမိသော ခန္ဓာငယ်လေးမရှိတော့သလို ဘေးတစ်ဖက်အိပ်ရာပေါ်၌လည်း လစ်လှပ်နေသည့်အိပ်ရာခင်းသာ။
အိပ်ခန်းနှင့်တွဲစပ်ထားသော သန့်စင်ခန်းထဲတွင်လည်း ကောင်ငယ်လေးအား မတွေ့ရ။ အခန်းတံခါးကိုအမြန်ဖွင့်ရင်း အိမ်ဆောင်သုံးဆောင်လုံးအား လိုက်လံရှာဖွေမိသော်လည်း အရိပ်အယောင်မျှပင်မတွေ့ရ။
"ဘေဘီ"
"ဒေါ်ဟွမ်ရင်း ဘေဘီကိုတွေ့မိသေးလား"
မီးဖိုဆောင်ထဲချက်ပြုတ်နေသည့် ဒေါ်ဟွမ်းရင်းက သူ့အားခေါင်းညိတ်အရိုအသေပေးနေသည်ကိုပင် ဂရုမပြုအားဘဲ မီးဖိုဆောင်အတွင်းသို့ ကျီးကန်းတောင်မှောက်လိုက်ရှာမိ၏။
"လွန်ခဲ့တဲ့တစ်နာရီကျော်ကတည်းက ခုချိန်ထိမတွေ့မြင်မိပါဘူး သခင်ကြီး"
စိုးရိမ်ပူပန်နေသည့် သခင်ကြီးရဲ့မျက်နှာထားကြောင့် ထိုသခင်လေးအပေါ် ဘယ်လောက်ထိမေတ္တာသက်ဝင်နေသလဲဆိုတာ မြင်ယုံနဲ့သိနိုင်သည်။ လည်ဂုတ်နားထိရှည်အံ့ဆဲဆဲဆံပင်တွေကို ဖွရင်း မီးဖိုဆောင်မှအိမ်ဆောင်အပြင်ဘက်သို့ ထွက်ခွာသွားမှ သူမသက်ပြင်းမောချရ၏။
တစ်နှစ်,နှစ်ကြိမ် တိုကျိုမြို့သို့ပုံမှန်ရောက်ရှိလာတတ်ပေမယ့် ယခုလိုစိတ်ဂယောက်ဂယက်ဖြစ်နေခြင်းအား ပထမဦးဆုံးအကြိမ်အဖြစ် တွေ့ဖူးမြင်ဖူးခြင်းပင်။ အပြင်ဘက်မှ သက်တော်စောင့်များကို သခင်ငယ်လေးအား မတွေ့တွေ့အောင်ရှာရန် အမိန့်ပေးနေခြင်းကို အတိုင်းသားကြားနေရ၏။
အိမ်ဆောင်အပြင်ဘက်အား တံခါးအကွယ်မှ ချောင်းမြောင်းကြည့်ရှုမိတော့ သခင်ကြီးသည် ချယ်ရီပင်များပေါက်ရောက်ရာဝန်းကျင်သို့ အမောတကောပြေးထွက်သွားလေသည်။
ချယ်ရီပင်ကြီးများ စိုက်ပျိုးထားသည့် ဝန်းကျင်တွင် ကောင်ငယ်လေးရှိဖို့ကိုသာ ဆုတောင်းမိ၏။ သူတစ်ယောက်လုံးရှိနေပါလျက်နဲ့ လူတစ်ယောက်လုံးပျောက်သွားရလောက်အောင် မသိသည့်ကိုယ့်အဖြစ်ကိုယ်လည်း ကြိတ်မနိုင်ခဲမရဖြစ်ရသည်။ ကောင်ငယ်လေးသာ သူ့ကိုထားသွားခဲ့ရင်ဆိုတဲ့စိတ်ကို တွေးမိလေတိုင်း နှလုံးသားတစ်စုံမှာ ဖျစ်ညှစ်ဆုပ်ကိုင်ခံလိုက်ရသလို စူးနစ်အောင့်သက်နာကျင်လာရ၏။
ဘေဘီမရှိရင် ကိုယ်ရူးမှာ. . .
နှစ်ရှည်လများချစ်မြတ်နိုးခဲ့ရတဲ့ကောင်ငယ်လေးကို ပိုင်ဆိုင်ခဲ့ရပြီဆိုတဲ့စိတ်နဲ့ ပထမအကြိမ်ဝမ်းသာခဲ့ရပေမယ့် စီနီယာရဲ့ပြန်ဆွဲခေါ်သွားမှုမှာ ကောင်ငယ်လေးဟာ သူ၏အပိုင်ဖြစ်ခြင်းကိုရောက်သွားပေမယ့် လက်လွှတ်ခဲ့ရသည်။ ယခုဒုတိယအကြိမ် ပြန်လည်ပေါင်းစည်းမှုမှာ ပထမတစ်ကြိမ်လိုတော့ မခွဲခွာချင်တော့။
ဝေဆာနေတဲ့ချယ်ရီပင်ကြီးတွေကို ဖြတ်လျှောက်ရှာဖွေနေမိသော်လည်း ကောင်ငယ်လေး၏အရိပ်ပင်မတွေ့ရ။ မောပန်းနွမ်းနယ်ခြင်းကို ဂရုမစိုက်အားဘဲ နေရာအနှံ့လိုက်ရှာဖွေမိသည်။
ကိုယ်နဲ့ဝေးရာဆီ ထွက်ပြေးသွားပြန်တာလား ဘေဘီ. . .
ရေပူစမ်းမှပြန်လာချိန် ချယ်ရီပင်တောများကိုဖြတ်အသွား မြေပြင်ပေါ်သို့ ဒူးထောက်ထိုင်ချ၍ ပခုံးသားတွေလှုပ်ခါနေပုံထောက် ပရော်ဖက်ဆာဝမ်ကြီး ငိုနေခြင်းများလား။
"ပရော်ဖက်ဆာဝမ်"
စိုးရိမ်တကြီးအော်ခေါ်မိလေတော့ မျက်ဝန်းအိမ်မှစီးကျလာသည့် မျက်ရည်စများကိုမသုတ်ဖယ်သေးသလို ငိုထားခြင်းကြောင့် မျက်သားအိမ်တွေကို ရဲရဲနီနေလေပြီ။ သူ့ကိုမြင်လိုက်သည်ဆိုလျှင်ပင် ပြေးဖက်လာသည့် ပရော်ဖက်ဆာဝမ်ကြောင့် လူမှာနင့်ခနဲဖြစ်သွားသလို ပြန်လည်ဖက်တွယ်ကာ ကျောပြင်ကျယ်ကြီးအား ပွတ်သပ်ချော့မြူနေမိသည်။
ဘာတွေများဖြစ်လာရတာလဲ ပရော်ဖက်ဆာဝမ်ရယ်. . .
"ပျောက်သွားပြီလို့ထင်တာ"
". . . . ."
"အနားက ထပ်ပြီးထွက်ပြေးသွားပြီလို့ထင်တာ"
"ဟင်"
"ကိုယ့်အနားက ဘယ်မှထွက်မသွားပါနဲ့ ကိုယ်တကယ်ရူးလိမ့်မယ်"
"ပရော်ဖက်ဆာဝမ်အနားကနေ ဘယ်မှထွက်မသွားမှာမို့ မစိုးရိမ်နဲ့တော့နော်၊ ကျွန်တော်ချစ်ရတဲ့ခင်ဗျားကိုပစ်ပယ်ပြီး ဘယ်သူ့ဆီထွက်သွားရမှာလဲဗျာ"
ဖက်ထားသည်ကိုခွာ၍ မျက်ဝန်းအိမ်မှမျက်ရည်စများကို လက်မဖြင့်ခပ်ဖွဖွသုတ်ပေးလေတော့ ပြုံးပြလာတဲ့နှုတ်ခမ်းတစ်စုံက မြတ်နိုးမှုအပြည့်။ ထိုနှုတ်ခမ်းကိုဖြတ်ခနဲနမ်းရှိုက်ရင်း ရင်ခွင်အတွင်း မျက်နှာအပ်ကာအရှက်သည်းမိလေတော့ ပြန်လည်ဖက်တွယ်လာခြင်းနှင့်အတူ ရယ်သံခပ်သောသောက ထွက်ပေါ်လို့လာ၏။
တော်ကြာငို တော်ကြာရယ် သူယူမိလေတဲ့ယောကျာ်းဟာ သူနဲ့ပတ်သက်လျှင် စိတ်အတက်အကျမမှန်။
"ချစ်တယ် လောင်ကုန်း"
"ချစ်မြတ်နိုးရပါတယ် ကလေးငယ်"
တန်းစီစိုက်ပျိုးထားသောချယ်ရီပင်များထံပါးဆီမှ လေအဝှေ့၌ လေနဲ့အတူယိမ်းနွှဲ့လိုက်ပါလာသည့် ပွင့်ဖက်ကလေးများက ဟိုဟိုဒီဒီလွှင့်လို့နေ၏။ မရေတွက်နိုင်တဲ့ပွင့်ဖက်ကလေးများက ကလေးငယ်အပေါ်ချစ်မြတ်နိုးနေမိတဲ့ သူ့အချစ်ထက်တော့ မများနိုင်။
########

ESTÁS LEYENDO
𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫'𝐬 𝐁𝐚𝐝 𝐆𝐮𝐲
Fanfic𝐏𝐫𝐨𝐟𝐞𝐬𝐬𝐨𝐫 𝐖𝐚𝐧𝐠 𝐘𝐢𝐛𝐨 𝐒𝐜𝐡𝐨𝐨𝐥 𝐁𝐚𝐝 𝐁𝐨𝐲 𝐗𝐢𝐚𝐨 𝐙𝐡𝐚𝐧 𝐘𝐢𝐳𝐡𝐚𝐧 𝐅𝐚𝐧𝐟𝐢𝐜 (𝐍𝐨𝐭 𝐙𝐡𝐚𝐧𝐲𝐢)