အပိုင်း(၁)

4.3K 356 18
                                    

တောင်ဆင်းတောင်တက် လမ်းသွယ်လေးတွင် ခရီးသွားယာဉ်ငယ်တစ်စီး မောင်းနှင်နေသည်။ ယာဉ်ပေါ်မှာ ပါလာသူများက လူငယ်တစ်စုဖြစ်ပြီး ပြတင်းပေါက်မှ တစ်ဆင့် ခိုတွဲလာသော နှင်းရည်များကို ဖြတ်၍ ဘေးပတ်ဝန်းကျင်ရှိ စိမ်းစိုသော တောအုပ်များကို ငေးကြည့်ရင်း လိုက်ပါလာခဲ့ကြသည်။

"မော်ကြီး"

လင်းမော်ဟု ခေါ်တွင်သော လူငယ်လေးကို သူငယ်ချင်းများက မော်ကြီးဟု ချစ်စနိုးဖြင့် ခေါ်ကြသည်။ သူသည်ကား အနည်းငယ် စိတ်ဆတ်တတ်ပေမယ့် စိတ်ရင်းကောင်းသောကြောင့် အပေါင်းအသင်း ဝင်ဆန့်လေသည်။

"အေး ပြော"

အတူထိုင်နေတာမို့ လင်းမော်က မေးငေါ့၍ စကားထောက်ပေးလျှင် မျက်နှာပျက်နေသည့် သူ့အရှေ့က ကောင်လေးက အပြုံးတစ်ခုကို လုပ်ယူ၍ ပြောလေသည်။

"ငါ အပေါ့သွားချင်လို့"

"မင်းကတော့ လုပ်ပြီ၊ ဒီလမ်းတွေမှာ ကားရပ်တာကို တားမြစ်ထားတယ်ကွ၊ မင်းခြုံတိုးတုန်း ဗုံးနင်းမိရင် ကျော်မကောင်းကြားမကောင်းတွေ ဖြစ်ကုန်ဦးမယ် ခဏအောင့်ထားလိုက်"

လင်းမော်စကားကြောင့် ဒီနိုင်းချွေးပြန်ချင်လာသည်။ နောက်ဆုံးတော့ ရှေ့ဆုံးခုံမှာ ထိုင်နေသည့် အစ်မဖြစ်သူဆီ အကူညီရလိုရငြား တောင်းရတော့သည်။

"အစ်မ ကားခဏ ရပ်ခိုင်းပေးပါလား၊ ကျွန်တော် အပေါ့သွားချင်လို့"

သူတိုးတိုးလေးကပ်ပြောတော့ အစ်မဖြစ်သူက ကားသမားကို တစ်ချက်ကြည့်သည်။ သူမက ကားပေါ်တွင်ပါလာသည့် တစ်ဦးတည်းသော စီနီယာဖြစ်သည့်အပြင် တောင်းဆိုလာသူကလည်း မောင်အရင်းဖြစ်တာကြောင့် ကားသမားကို လှမ်းပြောရသည်။

"ဦးလေး ကားခဏ ရပ်ပေးလို့ ရလားဟင်၊ မောင်လေးက အပေါ့သွားချင်လို့တဲ့"

ဦးလေးက ဒီနိုင်းကို လှည့်ကြည့်ပြီးမှ စကားဆိုသည်။

"ဒီလမ်းတွေက ကားရပ်လို့ မကောင်းဘူး၊ စစ်ဆေးရေးဂိတ် မရောက်ခင်အထိ ခဏစောင့်ပေးပါလား၊ ဒီနေရာတွေက မလုံခြုံလို့လေ"

နောက်ဆုံးတွင်တော့ ဒီနိုင်းသည်လည်း ရှုံ့မဲ့မဲ့ဖြင့် ခေါင်းညိတ်လိုက်ပြီး အစ်မဖြစ်သူဘေးတွင် ဝင်ထိုင်လိုက်ရတော့သည်။ သူတို့အဖွဲ့၏ တစ်ဦးတည်းသော မိန်းကလေးဖြစ်သည့် သွဲ့မှူးခင်သည် ဆေးကုလက်မှတ်ရကာစ ဆရာဝန်မလေးဖြစ်ပြီး ကျန်သူများကတော့ ဆေးကျောင်းသားများသာ ဖြစ်သည်။

သစ္စာမှတ်တမ်းWhere stories live. Discover now