ဒီနိုင်းတို့ ဆင်းသွားပြီးချိန်တွင် သွင်ခန့်က ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေရာမှ သွဲ့မှူးကို မေးလာသည်။ သူက ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အမြဲတွေးတောတတ်သူမို့ သူ့ကြောင့် တစ်ပါးသူ အခက်တွေ့မှာကို မလိုလားပေ။
"မမှူး"
"ဟင်"
"စခန်းမှာ ချပေးခဲ့တဲ့ ဆေးတွေနဲ့ဆို ကျွန်တော့်အဖျားကို ကုလို့ရလား"
"ဟင် ဘာလို့လဲ၊ ဆေးကတော့ တော်တော်စုံတယ်၊ ကုလို့ရတာပေါ့"
သွင်ခန့်က တစ်စုံတစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည့်နှယ် ကျောပိုးအိတ်ကို လွယ်လိုက်သည်။ ပြီးတော့ ကားသမားဘက်ကို လှည့်၍
"ဦးလေးကြီး"
"ဟေ"
ဦးလေးကြီးမှာလည်း စိတ်မသက်သာဖြစ်နေရသည်။ သူလာကြိုသည့် ကလေးများက ပြန်မလိုက်တာကြောင့် သူ့အပြစ်ဖြစ်မှာကို စိုးနေခဲ့သည်။ သို့သော် သူ့မှာ တားခွင့်လည်း မရှိနေပေ။
"လာကြိုပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်လည်း မလိုက်ချင်တော့ဘူး၊ ဆင်းနေခဲ့ပါရစေ"
သူက ဖျားနာနေတာကြောင့် တစ်ဖက်သူတွေ ဝန်ပိမှာကို မလိုချင်ပေ။ တကယ်လည်း သူတို့လေ့ကျင့်တုန်းကရော စစ်ပွဲတွင်း အသက်လု ပြေးရတဲ့အချိန်မှာရော သူက တစ်ပါးသူ၏ သယ်ဆောင်ခြင်းကိုသာ ခံခဲ့ရပြီး ကိုယ့်အားကိုယ် မကိုးနိုင်ခဲ့ပေ။ ထို့ကြောင့် သူနေခဲ့လို့ မသင့်တော်ဘူးလို့ ခံစားခဲ့ရတာ ဖြစ်သည်။
သို့သော် တိတ်ဆိတ်သွားသည့် ကားပေါ်က အနေထားက သူ့ကို ပိုပြီး စိတ်အနှောင့် အယှက်ပေးသည်။ သူဘာမှ ပြန်မလုပ်ပေးနိုင်ဘဲ မပြန်သွားချင်ဘူးလေ။ ထို့ကြောင့် သူက ဆင်းနေခဲ့ဖို့ ဆုံးဖြတ်လိုက်တော့သည်။
သွဲ့မှူးမှာလည်း မတင်မကျဖြစ်နေသည့် စိတ်တွင် နေခဲ့ချင်စိတ်က သာသွားတာမို့ သူမလည်းပဲ သွင်ခန့်နှင့်အတူ ဆင်းနေခဲ့လေတော့သည်။
"ဟိုက် အဝေးကြီး ပြန်လျှောက်ရမှာပဲ "
အနောက်မှာ ကျန်ခဲ့သည့် လမ်းကြီးကို ကြည့်ပြီး သွင်ခန့်က ရေရွတ်လိုက်သည်။ ဦးလေးကြီးကတော့ သူတို့ကို ချထားပြီး ထွက်သွားလေပြီ။