မနက်အစောကြီးထဲက လူငယ်လေးတွေမှာ နိုးနေကြပြီ ဖြစ်ပြီး ရွာကိုသွားရန် ပြင်ဆင်ထားကြသည်။ ဒီနေ့က သူတို့၏ နောက်ဆုံးရက် ဖြစ်ပြီး မနက်ဖြန်ဆို ပြန်ရတော့မည်။
"ပြီးပြီဆို သွားရအောင်၊ ကားရောက်နေပြီ"
ကျော်ဆန်းလာခေါ်တော့ သူတို့ အားလုံး အဆင်သင့် ဖြစ်နေပြီ။ သို့သော် စခန်းတွင် မိုင်းမိုင်နှင့် မင်းခေါင်တို့က ရှိမနေကြပါပေ။
"မိုင်းမိုင်တို့ မလိုက်ဘူးလား"
သွဲ့မှူးက ပတ်ပတ်လည်ကို လိုက်ရှာပြီးမှ ကျော်ဆန်းကို မေးလိုက်ခြင်းဖြစ်သည်။
"ဟုတ်တယ်၊ ခေါင်းဆောင်နဲ့ ကင်းလှည့် လိုက်သွားတယ်"
ဒီနိုင်းက တစ်ချိန်လုံး အလိုမကျစွာ မျက်နှာမကောင်းပေ။ မင်းခေါင်က တကယ်ကို နှလုံးသားမရှိသည့် လူတစ်ယောက်လို သူ့ကိုအား ပြန်လွှတ်ချင်နေသည်။ အကုန်လုံး ကားပေါ်တက်သွားသည်အထိ သူက အောက်တွင် လေးဖင့်စွာ စောင့်ဆိုင်းနေဆဲပဲ။
"ခေါင်းဆောင်တို့က ရွာကို မလိုက်ခဲ့တော့ဘူးလား"
သူမနေနိုင်စွာ ကျော်ဆန်းကို မေးလိုက်မိသည်။
"ကင်းလှည့်အပြန်တော့ လိုက်ခဲ့မယ် ပြောတယ်၊ အခု ရွာတွေကို သေချာ စောင့်ကြည့် ရမယ့် အခြေအနေ ဖြစ်နေလို့လေ"
ဒီနိုင်းက ခေါင်းညိတ်လိုက်ပြီး ကားပေါ်သို့ နာခံစွာ တက်လိုက်သည်။ နောက်ဆုံးအကြိမ် ဆေးကုပေးရခြင်း ဖြစ်ပြီး သူတို့မှာ ပါလာသည့် ဆေးဝါးများကို ရွာအတွက် အသုံးပြုနိုင်ဖို့ ထားခဲ့ပေးရန် ဆုံးဖြတ်ထားကြသည်မို့ ဆေးပုံးများလည်း ကားပေါ်သို့ တင်လာကြပေသည်။
"အဟွတ် အဟွတ်"
သွင်ခန့်၏ ချောင်းဆိုးသံကြောင့် ကျန်လူများက သူ့ဆီ အာရုံရောက်သွားသည်။
"မင်းဖျားတော့မယ်ထင်တယ်၊ ရွာကို ရောက်ရင် ဆေးကြိုသောက်ပြီး နားနားနေနေ နေလိုက်"
ပိုင်ပိုင်က ပြောလိုက်ပြီး သူ့ကို အပူချိန်တိုင်းလိုက်သည်။ သွင်ခန့်က တစ်ညလုံး ချောင်းဆိုးနေခဲ့ပြီး မနက်နိုးတော့လည်း ပျော့တိပျော့ဖတ် ဖြစ်နေသည်။ ပုံမှန်ဆို ပိုင်ပိုင်က အမြဲလိုလို ဖျားနာတတ်သော်လည်း ဒီကို ရောက်ပြီး နောက်ပိုင်း သူ့ခန္ဓာကိုယ်က ကျန်းမာလာသည်ဟု ပြောရမည်။ တစ်ခါမှ ဖျားနာခြင်း မရှိသေးပေ။