ရွာထဲမှာ ကျန်ခဲ့တော့ ပိုင်ပိုင်က ဆေးချိတ်ထားသည့် ကလေးအနားမှာပဲ စောင့်နေခဲ့သည်။ လင်းမော်က သူ့ဘေးနားမှာ ရှိနေခဲ့ပြီး ပိုင်ပိုင့်ကို အိပ်ရန် ပြောနေခဲ့သည်။
"ပိုင်ပိုင် အိပ်တော့၊ ငါတစ်လှည့် စောင့်ပေးမယ်"
"ရပါတယ်၊ မင်းပင်ပန်းနေရင် အိပ်လေ၊ ငါစောင့်ပေးမယ်"
ပိုင်ပိုင်ကလည်း နေရာခဏခဏ ပြောင်းနေတော့ အိပ်မပျော်မယ့်အတူတူ လူနာထိုင်စောင့်နေဖို့ပဲ ကြိုးစားလိုက်သည်။ သူအိပ်ကိုယ်အိပ် လူနေသူနှစ်ယောက်ကို ဝေလျှံက ကြည့်၍ မနေနိုင်စွာ ဝင်ပြောလေသည်။
"မင်းတို့ နှစ်ယောက်စောင့်မယ်ဆို ငါအိပ်ပြီ"
"မင်းအိပ်ပဲ အိပ်နေမှာများ ဘာလို့ နေခဲ့သေးလဲ၊ မျက်စိနောက်အောင်"
မျက်နှာချင်းဆိုင်လိုက်တာနဲ့ မတည့်ကြသော ထိုနှစ်ယောက်ကို ပိုင်ပိုင်ဘယ်လို ရှင်းပေးရမှန်းကို မသိတော့ဘူး။ စိတ်ပျက်စွာ သူထိုင်ကြည့်နေလိုက်သည်။ ညနေကတည်းက ဒီနိုင်းတို့ ပြန်သွားတာနဲ့ ရန်ဖြစ်နေကြတာပင်။
"လင်းမော် တော်တော့ ဒီနားမှာ လာထိုင်"
ပိုင်ပိုင်က သူထိုင်နေသည့် ဝါးကွပ်ပျစ်လေးကို လက်နဲ့ပုတ်ကာ လှမ်းခေါ်လိုက်သည်။ လင်းမော်က ဝေလျှံကို မကြည်သလို ကြည့်နေပြီးမှ ပိုင်ပိုင်နားကို ပြန်ရောက်သွားသည်။ ဝေလျှံ၏ စိတ်ထဲမှာ ထိုနှစ်ယောက်က လိုတာထက် ပိုကပ်ကြသည်ဟုပင်။ လင်းမော်က ပိုင်ပိုင်ကို ညစာစားဖို့ ခွံ့ကျွေးမတတ် ပြောနေတာကိုတောင် သူကြားခဲ့ရတာမလား။
"ခဏနားလိုက်ဦး၊ မနက်ဖြန်ကြရင် မနက်အစောကြီး လာခေါ်မယ်လို့ ပြောတယ်၊ ကားတွေက ကင်းလှည့်ရမှာဆိုတော့ ငါတို့ကို လာမကြိုနိုင်မှာ စိုးလို့ မနက်လာကြိုရင် တစ်ခါတည်း လိုက်လာဖို့ မှာသွားတယ်"
လင်းမော်က ပိုင်ပိုင့်ကို ပြောတော့ ပိုင်ပိုင်က ခေါင်းညိတ်ပြသည်။
"ငါ ပိုက်သွင်းတာ အောင်မြင်သွားတယ်"
ပီတိမျက်လုံးလေးတွေကိုတောင် မြင်နေရအောင် ပိုင်ပိုင်က ပျော်နေတာ သေချာသည်။ ဒီနေ့တော့ အရင်လို သွက်သွက်လက်လက် မဟုတ်ဘဲ သူက ငေးငိုင်နေတယ်လို့ လင်းမော်ခံစားရတာကြောင့် ပိုင်ပိုင့်ကို ဆွဲကာ သူ့ပေါင်ပေါ်လှဲခိုင်းလိုက်သည်။
![](https://img.wattpad.com/cover/265128718-288-k168969.jpg)