အပိုင်း(၃)

1.7K 242 9
                                    

သူတို့ညစာစားကြတဲ့အခါမှာတော့ စတီးပန်းကန်ထဲတွင် ထမင်းကြမ်းခဲကို ချဉ်ပေါင်ရွက် ဟင်းရည်ဖြင့်သာ စားကြရသည်။ သွဲ့မှူးက အိမ်ကထည့်လာသည့် ကြက်သားမွှကြော်ဗူးလေးကို ချပေးလိုက်တော့ ဘူးကြီးတစ်ဘူးက တပ်သားများ ဝိုင်းစားကြသဖြင့် ချက်ချင်းကုန် သွားလေတော့သည်။ ဘူးလွတ်ကို ကြည့်၍ ပိုင်ပိုင်ကတော့ မျက်နှာတစ်ခုလုံး ညို့မှောင်နေတော့သည်။ သူ့ပုံက မကြာခင် ငိုမိတော့မည့်ဟန်။

"ထမင်းကြမ်းက မာလိုက်တာ မြိုချလို့တောင်မရဘူး"

ပိုင်ပိုင်က ညည်းတွားသံဖြင့် ဆိုလျှင် ထမင်းတစ်လုပ် ရေတစ်လုပ်သောက်နေရသည့် ဒီနိုင်လည်း မျက်နှာငယ်ဖြင့် အစ်မဖြစ်သူကို မော့ကြည့်လေသည်။ ဒီလိုမှန်းသိ သူတို့လာကတည်းက ဆန်အိတ်တွေပါ ကားပေါ်တင်လာပါတယ်။

"မင်းတို့က စားနိုင်မှာ မဟုတ်ဘူး၊ ဒါပေမဲ့ ငါတို့အတွက်တော့ ဒီလိုအေးဆေးထိုင်စားရတာက တော်တော်လေးကို ကံကောင်းနေသေးလို့ပဲ၊ မသေခင်စားရတဲ့ ထမင်းက အရမ်းမြိန်တယ်လို့ ကြားဖူးလား၊ စစ်ပွဲအတွင်း ပြေးလွှားနေရလို့ ဘယ်ချိန်သေမှန်းမသိတဲ့ သူတွေအတွက် ဒီလိုထမင်းတစ်နပ် အေးဆေးစားနိုင်နေတာ တော်တော်လေးကို ကံကောင်းလို့ကွ"

ကျော်ဆန်းက ထမင်းတစ်လုပ်ကို အလုပ်ကြီး သွပ်၍ ဆိုလေလျှင် လူငယ်လေးတစ်စုမှာ စိတ်မကောင်းဖြစ်သွားရသည်။ ထိုအခြေနေမျိုးကို မမျှော်လင့်ထားတာတော့ မဟုတ်ပေ။ သူတို့က အခုမှရောက်လာတာကြောင့် နေသားမကျရုံသာ။

"ဟို ခေါင်းဆောင်နဲ့ မိုင်းမိုင်ရော"

သွဲ့မှူးက ခေါင်းဆောင်နဲ့ဒုခေါင်းဆောင်ကို မမြင်တာကြောင့် မေးလိုက်တော့ ကျော်ဆန်းက ဖြေသည်။

"ဪ ညကင်းလှည့်သွားတာ စစ်ဆေးရေးဂိတ်မှာ လူစိမ်းတွေ ဖမ်းမိလို့တဲ့"

သူတို့ထမင်းစားပြီးချိန်တွင်လည်း ပန်းကန်တွေ ကူဆေးပေးလိုက်ပြီး မီဖိုထားသည့် မီးပုံဘေးတွင် ပတ်လည်ဝိုင်းထိုင်ကာ တပ်သားများနှင့် စကားစမည်ပြောဆိုကြလေသည်။ သိပ်မကြာခင်တွင် ကားတစ်စီး သူတို့ရှိရာ ဘေးတွင်ရပ်လာပြီး နောက်ကုန်တွဲပေါ်က လူအချို့ကို ဆင်းခိုင်းလေသည်။

သစ္စာမှတ်တမ်းWhere stories live. Discover now