အပိုင်း(၂၀)

1.1K 164 2
                                    

မနက်စောစောမှာပင် သူတို့အထုတ်အပိုးတွေ ပြင်ဆင်ပြီးပြီမို့ မြူတွေဆိုင်းနေသည့် လမ်းကနေ လာမည့်ကားကို စောင့်နေခဲ့ကြသည်။ သွင်ခန့်ကလည်း ကျန်းမာရေး ကောင်းကာစ အချိန်ဖြစ်၍ အနည်းငယ်ချောင်ကျနေသည့် မျက်နှာဖြင့် နွမ်းနယ်နေသည်။

"သက်သာလား"

ပိုင်ပိုင်က မေးတော့ သွင်ခန့်က ခေါင်းညိတ်ပြသည်။ သူ့သူငယ်ချင်း လေးယောက်က တစ်ညလုံး သူ့ကို ပြုစုပေးနေရလို့ ကောင်းကောင်း မအိပ်ရဘူးဆိုတာ သူသိနေသည်။ သူတို့အားလုံး အသံတိတ် သက်ပြင်းချနေကြသည်။ ဒီလို အခြေနေမျိုးမှာ ကိုယ်လွတ်ရုန်း၍ သူတို့ မသွားချင်ပေ။ သို့သော် သူတို့ကို သတ်မှတ်ပေးထားသည့် ကာလက ပြည့်သွားပြီမို့ မပြန်လို့လည်း မဖြစ်တော့ပေ။

အဝေးက တာဝါတိုင်ကို ငေးကြည့်ပြီး ပြုံးဖြစ်သေးသည်။ မနက်ဆိုလျှင် ထမင်းစားပြီးတာနဲ့ တာဝါတိုင်ရှိရာ တောင်ကုန်းပေါ်တက်၍ အိမ်နှင့် ဖုန်းလုပြောကြရသည်။ လူများလျှင် လိုင်းမမိသောကြောင့် တော်တော်လေးကို စိတ်ပင်ပန်းခဲ့ကြရသည်။ အခုတော့ သူတို့ တစ်ယောက်မှ ဖုန်းအားရှိရဲ့လားပင် စစ်ဆေးမနေတော့ပေ။ ဖုန်းမရှိရင် မနေနိုင်ဘူးဆိုသည့် လူငယ်လေးတစ်စုက ဖုန်းတောင်ထည့်ဖို့ မေ့နေလို့ ကျော်ဆန်းက သတိပေးခဲ့ရသည်။

သူတို့ဘေးမှာ ရွာက လူတချို့နှင့် မင်းခေါင်တို့ ရှိနေသည်။ နှုတ်ဆက်ရန် လိုက်ပို့ကြသည်ဖြစ်ရာ ခွဲခွာခါနီး စကားတွေကိုတော့ ဖွဲ့ကာနွဲ့ကာ မပြောကြတော့ဘဲ ဘေးနားမှာ ငြိမ်သက်စွာပဲ ရှိနေလေသည်။

"ကိုကြီးက ပြန်လာဦးမှာလား"

ဒီနိုင်းရွာကနေ ခေါ်လာခဲ့သည့် ကောင်မလေးက စောစောထကာ သူ့ကို လိုက်ပို့သည်။ အနားသို့ကပ်ကာ လက်ကို ဆွဲ၍ မေးလာတော့ ထိုလက်သေးသေးလေးကို သူ့လက်နှစ်ဖက်ဖြင့် အုပ်ကိုင်၍ ခေါင်းညိတ်လိုက်သည်။

"ပြန်လာနိုင်ဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်၊ မောင်လေးကို ဂရုစိုက်နော်"

"ဟုတ်"

လင်းမော်က ထိုအချင်းအရာကို ကြည့်ပြီး စိတ်ထဲမကောင်းပေ။ သူတို့ ကုပေးခဲ့သည့် ကလေးကတော့ စခန်းရောက်ရောက်ချင်းမှာပဲ စစ်ပွဲဒဏ်ကြောင့် ဆုံးပါးသွားလေသည်။ တစ်ညလုံး ငိုပြီးပြီ ဖြစ်၍ ထပ်မံငိုကြွေးဖို့ရာလည်း မရှိတော့ပေ။ ပိုင်ပိုင်လည်း ထို့နည်းလည်းကောင်း တန်းတူခံစားနေရသည်။

သစ္စာမှတ်တမ်းWhere stories live. Discover now