အပိုင်း(၁၀)

1.1K 196 3
                                    

သူတို့ ညစာစားပြီးတော့ ကိုယ်စီအိပ်ရသည့်အခါ ပုံမှန်လောက် မကြပ်တော့ပေ။ သို့သော်ဒီနိုင်းမှာတော့ အိပ်မပျော်ချေ။ ထို့ကြောင့် သူအပြင်ဘက်သို့ လမ်းလျှောက်ထွက်ရန် ကြိုးစားလေတော့သည်။

ထမင်းစားသည့် မီးပုံနားတွင် ကျော်ဆန်းက ကင်းစောင့်ရင်း အိပ်ပျော်နေပြီး စခန်းတစ်ခုလုံးက ငြိမ်သက်နေသည်။ သူလမ်းလျှောက်နေရင်း မင်းခေါင်၏ အိပ်ဆောင်ဟုဆိုသော နေရာသို့ ရောက်ခဲ့လေသည်။ ထိုနားတွင် မီးပုံလေး ဖိုထားပြီး အလင်းရောင်ဖျော့ဖျော့က အဆောင်နားဝန်းကျင်ကို မြင်ရရုံ လင်းစေသည်။ ထိုနားတွင် လူတစ်ယောက်ထိုင်နေသည်ကို တွေ့တော့ ဒီနိုင်းက နေရာတွင် တောင့်တောင့်လေး ရပ်နေမိသည်။ သူ့လိုပဲ အိပ်မပျော်သည့် သူတစ်ယောက်ရှိမည်ဟု ယူဆလိုက်ကာ အနားကို တိုးသွားတော့ ပတ်တီးတစ်ခုဖြင့် အလုပ်ရှုပ်နေသည့် မင်းခေါင်ကို တွေ့လိုက်ရတော့ သူလန့်ကာ အနားသို့ ပြေးသွားလိုက်မိသည်။

သူ့ကို မြင်တော့ မင်းခေါင်က မျက်မှောင်ကြုံ့သည်။ အဆောင်ကနေ ခိုးထွက်လာသည့် ကျောင်းသားလေးက အဆောင်မှူးနှင့် ပက်ပင်းတိုးသည့် ပုံစံမျိုး။

"ခင်များ ဒဏ်ရာရလာတာလား၊ ပြကြည့် ကျွန်တော်ကြည့်ပေးမယ်"

သူက မင်းခေါင်နှင့် အတူအိပ်ရသည့် တပ်သားနိုးမှာစိုးလို့ အသံကို လေသံထိ လျှော့ချ၍ ဆိုလိုက်သည်။ သို့သော် မင်းခေါင်ကတော့ ကူညီဖို့ လှမ်းလာသည့် သူ့လက်ကို ရှောင်လိုက်သည်။

"ရတယ် ဒဏ်ရာက သေးသေးလေး၊ ပတ်တီးပဲစည်းထားလိုက်မယ်၊ မင်းပြန်အိပ်တော့"

"ဘယ်ဒဏ်ရာက သေးပြီး အဲ့လောက် သွေးထွက်နေရတာလဲ၊ ခင်များနောက်ကျောကို ကျွန်တော့်ထက် ခင်များက ပိုမြင်ရနိုင်ပါ့မလား၊ အနောက်က ပတ်တီးမှာ သွေးတွေစိမ့်ထွက်နေတယ်"

ဒီနိုင်းက ဒဏ်ရာကို ကြည့်ပြီးပြောတော့ မင်းခေါင်က သူ့ဘက်ကို လှည့်ကြည့်လာသည်။ သူ့ပုံစံက စိတ်မကြည်သည့် ပုံစံမျိုးပင်။

"မလိုဘူး၊ ဒီလိုဒဏ်ရာက ရနေကြပဲ"

"မရဘူး အနာကို ပြန်ဆေးရမယ်၊ ပြီးရင် ကျွန်တော် ဆေးပြန်ထည့်ပေးမယ်၊ ဒီမှာ ခဏစောင့် ဆေးသေတ္တာ ပြန်ယူဦးမယ်၊ မလှုပ်နဲ့ ငြိမ်ငြိမ်နေနော်"

သစ္စာမှတ်တမ်းTahanan ng mga kuwento. Tumuklas ngayon