အပိုင်း(၅)

1.3K 216 10
                                    

စားသောက်ပြီးတော့ သူတို့သွားရသည့် ခရီးက ကြမ်းတမ်းသည်။ တန်းလျားတွင် သူတို့ကူစရာ မရှိတာကြောင့် ဝေလျှံ၊ ရနောင်နှင့် သွင်ခန့်တို့ကပါ ဒီနိုင်းတို့ အုပ်စုနှင့် လိုက်ပါလာခဲ့ကြသည်။ လမ်းကကြမ်း၍ အဖုအထစ်များက သူတို့ကားလေးက ဘေးဘယ်ညာ ရမ်းခါနေသည်။

ဆေးပစ္စည်းတွေရော တင်ထားရသည်မို့ သူတို့ကားလေးက ကြပ်နေသည်။ တစ်ဦးနှင့်တစ်ဦးလည်း မတည့်ကြတာကြောင့် အတွေးကိုယ်စီဖြင့်သာ တိတ်ဆိတ်စွာ လိုက်ပါလာကြသည်။

တစ်နာရီလောက် ကြာမြင့်စွာ မောင်းနှင်ပြီးနောက် သူတို့လိုက်ပါလာသည့် ဖုန်အလိမ်းလိမ်း ကပ်နေသော ကားက ရပ်တန့်သွားလေသည်။

"အရှေ့မှာ ချောင်းဖြတ်ရမယ်၊ ဒီကနေ လမ်းလျှောက်မှ ရတော့မယ်၊ ရှေ့မှာက ကားလမ်းမရှိတော့ဘူးဆိုတော့ မင်းတို့လိုအပ်တာတွေ မျှသယ်ပြီး ကုန်းကြောင်း လျှောက်မှ ရမယ်"

မင်းခေါင်က သူတို့ရှိရာ လျှောက်လာ၍ ဆိုလေလျှင် ဒီနိုင်းက သက်ပြင်းချ၍ ပြန်ပြောလေသည်။

"ဘယ်လောက်ကြာအောင် လျှောက်ရမှာလဲ"

မနက်တည်းက ပြင်းထန်သည့် လေ့ကျင့်ရေးတွေ အဆက်မပြတ် လုပ်ရသည့်အပြင် အခုလည်း လမ်းလျှောက်ရဦးမည်ဆိုတော့ လူငယ်လေးများက ညည်းတွားချင်နေကြသည်။

"စကားများနေဖို့ အချိန်မရှိဘူး၊ အထုတ်တွေ ချပြီး အခု စထွက်တော့ လုပ်ကြတော့"

မင်းခေါင်က ခေါင်းမာသည့် ထိုအကြောတင်းလေးကို ကြည့်ကာ လေသံမာမာဖြင့် အမိန့်ပေးလိုက်သည်။ ဒီနိုင်းက သေချာပေါက် သူ့ကို မျက်စောင်းထိုးပြီး မကျေနပ်သလို ကားပေါ်က ဆင်းလာလေတော့သည်။

"ဟ အလေးကြီးပဲ၊ အထဲမှာ ဘာတွေလဲ"

ဝေလျှံနှင့်ရနောင်က ကားပေါ်က အကြီးဆုံးပုံးကို ချရင်း မေးလေလျှင် ပိုင်ပိုင်က ဖြေသည်။

"ဆေးပုလင်းတွေ၊ အထဲမှာ အရည်တွေပါလို့ သေချာချနော် မကွဲစေနဲ့"

ပိုင်ပိုင်က ဆို၍ ကျော်ဆန်း ချပေးလာသည့် နောက်ပုံးတစ်ခုကို ယူဖို့လုပ်လျှင် လင်းမော်က သူ့ကို ဘေးသို့ အသာတွန်းထုတ်သည်။

သစ္စာမှတ်တမ်းWhere stories live. Discover now