"ဒီတိုင်ကို ဟိုမှာချည်လိုက်၊ နည်းနည်းကြီးကြီး ဆောက်ကြမယ်၊ ငါတို့က ခြောက်ယောက်နေရတာ၊ တအားကြပ်တယ်"
သွင်ခန့်က ညည်းညူစွာ ပြောပြီးနောက် သူတို့တဲကို စိတ်ကြိုက်ဆောက်နေကြသည်။ အခုချိန်မှာ လက်စွမ်းပြရမယ့် သူတို့ အလှည့်ရောက်ပြီလေ။
"အထုတ်တွေ တင်ဖို့ စင်သပ်သပ် လုပ်ဦးမလား"
ရနောင်က မေးလိုက်တော့ ဒီနိုင်းက
"သိပ်မကြာခင်ပဲ ငါတို့ ပြန်ရတော့မယ့်ဟာ သားသားနားနားကြီး လုပ်မနေပါနဲ့တော့"
လူငယ်လေးများက သူ့စကားကြောင့် ငိုင်နေကြသည်။ ဒီရက်အတွင်း သူတို့ ပြန်ရမည်ဆိုတာကို မေ့နေကြသလိုမျိုးပေါ့။
"အင်း အိပ်လို့ရရုံပဲ ဆောက်ကြတာပေါ့"
လင်းမော်၏ အကြံပေးမှုကိုတော့ အားလုံးက နှုတ်ဆိတ်၍ သဘောတူကြသည်။
"ငါတို့ မနေရင်တောင် အခြားသူတွေပါ သုံးလို့ရတယ်လေ"
ဝေလျှံက ဝင်ပြောလိုက်တော့ ကျန်လူများက သူ့ကို ဝိုင်းကြည့်လာသည်။
"မင်းက အခြားသူအတွက် တွေးပေးတတ်သေးတယ်ပေါ့"
လင်းမော်က ရွဲ့သည်။
"ငါက ဘာလို့ မတွေးပေးရမှာလဲ"
သွင်ခန့်က သူတို့ နှစ်ယောက်ကို ကြည့်၍ ခေါင်းခါလိုက်သည်။ ဘယ်လောက်ပြောပြော သူတို့နှစ်ယောက်က မတည့်တာက မတည့်တာပဲ။
"ကဲ တော်တော့၊ တဲပဲ ဆက်ဆောက်ကြတော့"
ခြောက်ယောက်သား စခန်းအတွက်လိုသည့် ရေများကိုလည်း ကိုယ်တိုင် ဆွဲရပြီး ထမင်းချက်လည်း သူတို့၊ ဆေးကုလည်း သူတို့၊ တောက်တိုမယ်ရဆိုလည်း သူတို့ပဲ ဖြစ်နေသည်။ ဆက်ဆံရေးတွေက မဆိုးရွားတော့သည့်နောက် သူတို့ခြောက်ဦးက အဖွဲ့ကျလာကြတော့သည်။
"စစ်ပွဲက မပြီးသေးဘူးဆို"
ညစာစားကြရင်း ဒီနိုင်းက မင်းခေါင်ကို မေးလိုက်ခြင်းဖြစ်သည်။
"အင်း ဘယ်နေ့ဖြစ်မယ်ဆိုတာကိုပဲ မသိရတာ"
"ဒါဆို ရွာသားတွေရော အန္တရာယ် ကင်းပါ့မလား"