ခေါင်းဆောင်မင်းခေါင်၏ လမ်းပြမှူနှင့်အတူ တောင်ပေါ်ပိုင်း နေရာလေးကို သူရောက်ခဲ့သည်။ ထရံကာ ဓနိမိုး မြေစိုက်အိမ်လေးထဲတွင် သားအမိသုံးယောက်သာ နေထိုင်ကြပြီး မိခင်ဖြစ်သူမှာ ဖျားနာနေတာ အတော်ပင်ကြာခဲ့သည်ဟု မင်းခေါင်ဆီမှ သူပြန်ကြားရသည်။
အိမ်ကိုရောက်တော့ ကလေးများက မင်းခေါင်ကို မြင်သည်နှင့် အနားကို ပြေးလာကြပြီး သူ့လက်ကို အားကိုးတကြီး ဆွဲကိုင်လာကြသည်။
"ဦးဦးကို မျှော်နေတာ၊ မေမေက ထမင်းလည်း ထမစားတော့ဘူး၊ သမီးနှိုးတာလည်း မထဘူး၊ ဦးဦး ပြောပေးပါဦး"
အကြီးမလေးဖြစ်သည့် ကလေးငယ်က မင်းခေါင်ကို အားကိုးတကြီး ဆိုလေလျှင် မင်းခေါင်က ခေါင်းညိတ်ပြပြီး ဆံပင်လေးများကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်သည်။ ထိုအချင်းရာကို ကြည့်ပြီး ဒီနိုင်းက ဇာတ်လေးပုသွားသည်။ မင်းခေါင်မှာ ထိုကဲ့သို့ ကြင်နာတတ်သည့် စိတ်ထားမျိုး ရှိမယ်မထင်ခဲ့ဘူးလေ။
"အခုအဆင်ပြေသွားပြီနော်၊ ဦးဦး ဆရာဝန်ခေါ်လာခဲ့တယ်၊ သမီးမေမေ နေကောင်းသွားအောင် ဒီဆရာလေးက လုပ်ပေးလိမ့်မယ်"
"တကယ်လားဟင်"
ကလေးမလေးက သူ့ကို အားကိုးရှာသည့် မျက်ဝန်းများဖြင့် ကြည့်လာလျှင် သူလည်း မြေပေါ်မှာ ဒူးထောက်ထိုင်လိုက်ပြီး ထမင်းအိုးတည်ထားသဖြင့် ပေကျံနေရှာသည့် ပါးလေးများမှ မီးခိုးမှိုင်း အညစ်အကြေးများကို သုတ်ပေးလိုက်သည်။ ပြီးမှ ပြုံးပြရင်း
"ဒါပေါ့ အကိုက ပျောက်အောင် ကုပေးမယ်နော်"
"ဟုတ် ဒါဆို ဦးတို့စားဖို့ သမီး ဟင်းချက်လိုက်ဦးမယ်"
ကလေးမလေးက သူ့ကို ပြောရင်း မီးဖိုချောင်ထဲပြန်ဝင်သွားသည်။ အသက်လေးက အလွန်ဆုံးရှိမှ ၁၂နှစ် ၁၃နှစ် အရွယ်လေးသာ။
"ဒါ"
ဒီနိုင်းက ကောင်မလေး၏ ကျောပြင်ကို ကြည့်၍ မင်းခေါင်ကို လှည့်ကာ သူတို့အတွက် တကူးတက ချက်ပေးဖို့ မလိုကြောင်း ပြောစေချင်သော်လည်း မင်းခေါင်က ဘာမှမဆိုသောကြောင့် သူလည်း နှုတ်ဆိတ်လိုက်ရတော့သည်။