အပိုင်း(၂၃)

1K 158 0
                                    

နောက်တစ်ရက် သူတို့ သွားရသည့် ရွာက ခရီးကြမ်းပြီး လမ်းမကောင်းပေ။ ချောင်းရေကို ဖြတ်ရသည့် အခါတွင် ညက မိုးသည်းထန်စွာ ရွာထားတာကြောင့် ထိုချောင်းက ရေစီးသန်ပြီး ရေများသည်။ တစ်ဖက်ကမ်းကို ကူးနိုင်ဖို့ ကြိုးကို အသုံးပြုရသည်။ လူအများကြီးလည်း တစ်ပြိုင်တည်း မကူးနိုင်ပေ။ တစ်ခါကူးလျှင် ငါးယောက်လောက်သာ ကူးနိုင်လေသည်။ ပစ္စည်းသယ်ဖို့သာ လူမလိုလျှင် သူတို့လည်း တစ်ဖက်ကမ်းကို ကူးဖြစ်မှာ မဟုတ်ပေ။

အဖျားသက်သာတာ မကြာသေးသည့် သွင်ခန့်နှင့် သွဲ့မှူးတို့ကသာ တပ်သားတချို့နှင့် ကြိုးထိန်းရန် နေခဲ့ကြသည်။ ကျန်တဲ့ လူငယ်များကတော့ စွန့်စားခန်းလုပ်ရန် မစောင့်နိုင်ကြတော့ဘဲ တက်ကြွနေကြပြီပင်။ တပ်သားအချို့က အရင် တစ်ဖက်ကမ်းသို့ အားကုန် ကူးခတ်သွားသည်။ မိုးကလည်း တဖွဲဖွဲ ရွာနေတုန်းပင်။ ရွှဲစိုနေအောင် ရွာသည့် မိုးကြောင့် မျက်လုံးပင် ကောင်းကောင်းဖွင့်ရန် မလွယ်ချေ။

တစ်ဖက်သို့ ရောက်သွားသော တပ်သားများက ကြိုးကို တန်းပေးသည်။ ဝေလျှံက သူ့မှာ ပါလာသည့် ကျောပိုးအိတ်ထဲက အပိုယူလာသည့် မိုးကာကို ထုတ်၍ သွင်ခန့်ကို ထပ်ဝတ်စေသည်။ ထပ်ဖျားမှာ စိုးလို့ မိုးကာနှစ်ထပ်ဝတ်ထားရသည့် သူကတော့ သွင်ခန့်ပဲ ဖြစ်သည်။

ဒီရွာကို ကယ်ထုတ်ပြီးလျှင် သူတို့လည်း လွတ်မြောက်နယ်မြေကို သွားရတော့မည် ဖြစ်သောကြောင့် စခန်းကိုပါ အပြီး သိမ်းဆည်းခဲ့ပြီ ဖြစ်သည်။ မင်းခေါင်က တိကျစွာပဲ သုံးဖွဲ့ခွဲ၍ လုပ်တာမို့ ရွာတွေကို ကယ်ထုတ်တာက ထင်တာထက် နှစ်ရက်ပိုမြန်၍ ပြီးဆုံးသွားသည်။

တစ်ရွာကို ကယ်ထုတ်တိုင်း အကျအဆုံးနှင့် ထိခိုက်မှုတွေကတော့ ရှိစမြဲပဲ ဖြစ်သည်။ ဒါပေမယ့် သူတို့ကတော့ မသေသ၍ ဒီတာဝန်ကို ထမ်းဆောင်ကြရဦးမှာပဲ ဖြစ်သည်။ တစ်စုံတစ်ဦးက ပေးအပ်ထားသည့် တာဝန်မျိုးမဟုတ်ဘဲ မိမိကိုယ်ကို ပေးအပ်ထားသည့် တာဝန်ဖြစ်တာကြောင့် သူတို့ အားကြိုးမာန်တက် လုပ်ဆောင် ကြရသည်။

"ဒါကို ချည်ထား၊ ကြိုးကို သေချာကိုင်နော်"

မင်းခေါင်က ဒီနိုင်း၏ ခါးနှင့် သူ၏ ခါးကို မြဲမြံနေအောင် ကြိုးတစ်ချောင်းဖြင့် ချည်လိုက်သည်။ ကြိုးအကွာအဝေးက သူတို့နှစ်ယောက်ကြားတွင် လက်နှစ်ပြန်စာတော့ ခြားလေသည်။

သစ္စာမှတ်တမ်းDove le storie prendono vita. Scoprilo ora