အပိုင်း (၂)

2K 294 6
                                    

လက်တစ်ဖက်ပြတ်သွားသည့် လူနာက မြေပြင်ပေါ် အခင်းတစ်ခု ခင်းထားသည့်အပေါ်တွင် လဲလှောင်းနေသည်။ နာကျင်စွာ အော်ဟစ်ရမည့်အစား အဝတ်စတစ်ခုကို ကိုက်ခဲထားပြီး ညည်းညူသံသာ ထွက်လာသည်။ သွေးများက မြေကြီးကို ခဏအတွင်း နီရဲသွားစေသည်။ ဒီနိုင်းက သွေးကြောက်သည်။ ထို့ကြောင့် အနားနီးလေ သူ့အရှိန်ကို နှေးလိုက်မိသည်။

"လူနာနားမှာ ဝိုင်းအုံမနေကြနဲ့လေ"

သွဲ့မှူးက အော်၍ ပြေးသွားပြီး အနောက်ကနေ ပိုင်ပိုင်နှင့် လင်းမော်က ပြေးလိုက်သွားသည်။ ဒီနိုင်းကတော့ တုန်ရီနေသည့် သူ့လက်တွေကို အချင်းချင်း ဆုပ်ကိုင်ထားရင်း အသက်ကို ဝအောင် ရှူသွင်းနေသည်။ သူက ရေးဖြေတွင် အတော်ဆုံးကျောင်းသားတစ်ဦး ဖြစ်သော်လည်း လက်တွေ့တွင်တော့ သွေးအစစ်ဆိုလျှင် လန့်ကာ တုန်ရီနေတတ်သူ ဖြစ်သောကြောင့် အတွေ့အကြုံ ရှိလာမှ သူ့အတွက် သင့်လျှော်မည်ဟုဆိုကာ ဒီခရီးစဉ်တွင် လိုက်ပါလာစေခြင်း ဖြစ်သည်။

ခေါင်းဆောင်က သူ့ဘေးတွင် လာရပ်သည်။ သူ၏ တုန်ရီနေသော ပုံစံကို အကဲဖြတ်သလို ကြည့်နေရင်း စကားဆိုလာသည်။

"သွေးကြောက်တဲ့ ဆရာဝန်လား၊ ဒါဆိုရင်တော့ မင်းက အပြန်သင့်ဆုံးပဲ၊ ဒီမှာ သွေးမထွက်တဲ့ ရက်ဆိုတာ တစ်ရက်မှ မရှိဘူး"

ဒီနိုင်းက အံကိုကြိတ်ကာ သူ့ဘေးက လူကို ပြန်ပြောသည်။

"သိတယ်၊ အဲ့ဒါကြောင့်လည်း လိုက်လာတာ၊ ပြန်ဖို့မပြန်ဖို့က ကျွန်တော့်သဘောပါ၊ ခေါင်းဆောင်နဲ့ မဆိုင်ဘူး"

လူကသာ ဘာမှမဟုတ်တာ လေမလျှော့သည့် ထိုကောင်လေးကိုတော့ သူဘာမှ ဆက်မပြောတော့ပေ။ တကယ်လည်း ဒီနိုင်းက အနီးနားထိ ကပ်သွားလိုက်သည်။

လင်းမော်က ဆေးသွင်းရန်ပြင်နေဆင် ဒီနိုင်းကို မြင်တော့ စကားဆိုသည်။

"ဒီနိုင်း မင်းမေ့လဲသွားရင် ငါတို့ အလုပ်ပိုမှာ သိတယ်မလား"

ပိုင်ပိုင်က အနာသန့်ရှင်းရေး လုပ်ပေးနေသည့် သွဲ့မှူးကိုကူရင်း သူ့ကို လှည့်ကြည့်ကာ

"ဒီနိုင်း မင်းမလာသေးနဲ့ဦးလေ၊ သွေးထွက်တာ မတိတ်သေးဘူး"

ဒီနိုင်းက သူ့ကိုယ်သူ လူပိုတစ်ယောက်လို ခံစားနေမိသည်။ ဝဲတက်လာသည့် မျက်ရည်များကို ပြန်ထိန်းရင်း အင်္ကျီစကို ဆုပ်ကိုင်ကာ အားပြန်တင်းလိုက်သည်။ သူတစ်သက်လုံး ဒီစိတ်ရောဂါကို မကုနိုင်ဘူးဆိုတာ မယုံဘူး။ သူက မြန်မာနိုင်ငံတွင် အတော်ဆုံးဆရာဝန် ဖြစ်လာချင်သူပင်။ အဲ့ဒီအတွက် ဘယ်အရာကိုမှ သူ့အပေါ် အဟန့်အတား မဖြစ်စေချင်ပေ။

သစ္စာမှတ်တမ်းDonde viven las historias. Descúbrelo ahora