အပိုင်း(၁၈)

1K 161 1
                                    

"ခေါင်းဆောင် တောင်ပေါ်ရွာမှာ ဗုံးခွဲ တိုက်ခိုက်ခံရတယ်တဲ့"

မိုင်းမိုင်က ပြေးလာပြီး သတင်းပေးတော့ လှည်းကင်းပတ်နေသော မင်းခေါင်မှာ ကားကို ပြန်လှည့်ခိုင်းရသည်။

"တောင်ပေါ်ကို မောင်း၊ အဖွဲ့ဝင် ဘယ်နှယောက် ပါသွားလဲ"

"ကျော်ဆန်း အပါအဝင် နောက်ထပ်သုံးယောက်ပါ"

"တပ်ကူတွေပါ ခေါ်လိုက်တော့ တောင်ပေါ်ရွာကို သွားမယ်"

တကယ်ဆို သူတို့ရှိရာကိုပဲ တိုက်ခိုက်ရမှာ မဟုတ်ဘူးလား။ ဘာလို့ ရွာကို မဲပြီး တိုက်ခိုက်ရတာလဲ။ ဘယ်ချိန်တည်းက ရွာမှာ ရောက်နေမှန်း မသိပေမယ့် သူတို့ရည်ရွယ်ချက်က ထင်ရှားလှသည်။ ဒီနိုင်းတို့ အုပ်စုရှိရာကို ပစ်မှတ်ထားတာပဲ ဖြစ်သည်။ ကံကောင်းတာက သူက ရွာနားရောက်နေပေသည်။

မင်းခေါင်တို့ ရောက်သွားတော့ ရွာတစ်ခုလုံး မီးခိုးများဖြင့် ဖုံးလွှမ်းနေသည်။ တချို့ နေရာများတွင် အလောင်းများ ပြန့်ကျဲနေပြီး ပတ်ဝန်းကျင်ဟာ ခြောက်ကပ်လှသည်။ ခြေလျင်တက်ခဲ့ ရတာကြောင့် သတိဖြင့် အခင်းဖြစ်ရာနားကို သူတို့ တိုးသွားလိုက်ကြသည်။ နေရာယူပြီးသည့် နောက်တွင် မင်းခေါင်က အသင့်အနေအထား ဖြစ်စေရန် လက်ကိုမြှောက်လိုက်သည်။ အနောက်က အဖွဲ့ဝင်များကလည်း မင်းခေါင် အချက်ပြတာကို စောင့်နေကြပေသည်။

လူအယောက်နှစ်ဆယ်လောက်က ရွာအတွင်းမှာ လှုပ်ရှားနေတာကို မြင်လိုက်ရသည်။ သူကိုယ်တိုင်လည်း သေနတ်ကို မောင်းတင်၍ ချိန်ထားလိုက်ပြီး လက်ကို အရှေ့သို့ ညွှန်ပြကာ အချက်ပြလိုက်သည်။

ဒိုင်း... ဒိုင်း

သေနတ်သံများ အကြာကြီး ကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် အရှေ့က ရန်သူများ လဲကျသွားတာကို သူတို့ တွေ့လိုက်ရသည်။ အလစ်ဝင်တိုက်သည် ဆိုသော်လည်း နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်သွားလေသည်။

မိုင်းမိုင်းက သေနတ်ပစ်ပြီးနောက် သူမခန္ဓာကိုယ်မှာ ချွေးစေးများ ထွက်လာတာကို သိလိုက်ရသည်။ သူ့ဒဏ်ရာက အရှင်းမသက်သာသေးတာကို သိနေသော မင်းခေါင်က သူ့ကို လှည့်၍ မေးလိုက်သည်။

သစ္စာမှတ်တမ်းWhere stories live. Discover now