အပိုင်း(၁၅)

1K 164 0
                                    

မနက်အစော လင်းရောင်နီ သန်းကာစ အချိန်ရောက်မှ ကားတစ်စီး ဝင်ရောက်လာသည်။ သူတို့အကုန်လုံး ထိုကားနားကို သွားကြတော့ ကားပေါ်မှာ လဲနေသူကို အောက်ကို ချချိန် မြင်လိုက်ရသည်က မိုင်းမိုင်ပင် ဖြစ်သည်။ နံရိုးနားတွင် ကျည်ဆန်မှန်ခဲ့ပြီး သတိမေ့မျောနေလေသည်။

"မိုင်းမိုင်"

မင်းခေါင်က ပွေ့၍ အနီးအနား ကွပ်ပျစ်ပေါ်တွင် တင်ပေးလိုက်သည်။

"ဘယ်.. ဘယ်လိုဖြစ်တာလဲ"

"အရှေ့က ခံပစ်ပေးရင်း ကျည်မှန်သွားတာ၊ ကျေးဇူးပြုပြီး ကူညီပေးပါ"

မင်းခေါင်က သွဲ့မှူးကို ကြည့်၍ အလေးအနက်ထားပြီး ဆိုလေသည်။ ဘေးနားမှာတော့ ဒီနိုင်းတို့က ကူညီဖို့ ဆေးသေတ္တာများဖြင့် ရောက်ရှိနေပြီ ဖြစ်သည်။

"ကျွန်မအကောင်းဆုံး ကြိုးစားပေးပါ့မယ်"

သွဲ့မှူးက ပြောပြီးနောက် ဆရာဝန်များသာ အနားမှာ ကုသပေးဖို့ ကျန်ခဲ့ပြီး ကျန်တဲ့ သူများက တခြားနေရာသို့ ရှောင်ပေးကြသည်။ မနီးမဝေးမှာ မင်းခေါင်က ငူငူကြီးထိုင်နေတာကို မြင်တော့ ဒီနိုင်းက ငဲ့ကြည့်ပြီးနောက် ရေတစ်ခွက်ယူကာ သူ့နားကို သွားလိုက်သည်။

"နံရိုးခံနေလို့ အသက်အန္တရာယ်မစိုးရိမ်ရပါဘူး၊ အရမ်းကြီး မစိုးရိမ်ပါနဲ့၊ ရော့ ရေသောက်လိုက်ဦး"

ပိုင်ပိုင်နှင့် လင်းမော်တို့လည်း ရှိနေတာကြောင့် ဒီနိုင်းက မိုင်းမိုင်၏ ကုသနေရာကိုမသွားတော့ဘဲ မင်းခေါင်နားမှာသာ နေလိုက်သည်။

"ခင်များရော အဆင်ပြေလား"

"အင်း"

"ဟို ဒဏ်ရာရော၊ ကျွန်တော့် ကြည့်ပေးမယ်"

မင်းခေါင်က သူနဲ့ ပူးပေါင်းစွာပဲ အင်္ကျီကို အသာတကြည် ချွတ်ပေးပြီး ဒဏ်ရာကို လှစ်ဟာ ပြလေလျှင် သူစည်းပေးထားသည့် ဒဏ်ရာမှာ ပြင်းပြင်းထန်ထန် လှုပ်ရှား ရမှုကြောင့် သွေးများ ပြန်ထွက်နေသည်။

"ဒဏ်ရာကို ပြန်စည်းရအောင်"

ဒီနိုင်းက သူ၏ ဆေးပစ္စည်းများကို ယူလိုက်ပြီး မင်းခေါင်၏ ဒဏ်ရာကို ဆေးထည့်ပေးနေသည်။ သူ့စိတ်ပူနေခဲ့တာဖြစ်ပြီး တခြား ဒဏ်ရာ ကြီးကြီးမားမား မရလာတာကိုပဲ သူ့မှာ ပျော်နေမိသည်။

သစ္စာမှတ်တမ်းWhere stories live. Discover now