ရလာသည့် ငါးများကို တုပ်ထိုး၍ ကင်လိုက်ကြပြီး သူတို့အချင်းချင်း ဆေးလိမ်းပေးနေရသည်။ အရှိန်ပြင်းတာကြောင့် အောင့်သက်မှုနှင့် အတူ တစ်နာကနေ နှစ်နာ ဖြစ်ရသော ဒီနိုင်းမှာလည်း မသက်သာပေ။
"နင်တို့ကလည်း ဆော့စရာရှာလို့ဟယ်၊ အဲ့တော့ ဒီနေ့ နင်တို့ ဘယ်မှာ အိပ်မှာလဲ"
"ဖြစ်သလိုပေါ့၊ ဘယ်တတ်နိုင်မှာလဲ"
သွဲ့မှူး၏ အမေးစကားကို ဒီနိုင်းက ဆူပုတ်၍ ပြန်ဖြေလိုက်ပြီး သူ့ခါးကို ပိုကုန်းပေးလိုက်သည်။ သွဲ့မှူးက မောင်ဖြစ်သူ၏ နီရဲနေသည့် ခါးကို ဆေးလိမ်းပေးနေရသည်။
"ပြန်လာကြပြီ"
တပ်သားတစ်ယောက်၏ အော်သံနှင့်အတူ သူတို့အားလုံးလည်း အလိုလို ကားနားသို့ ကပ်သွားမိသည်။ မြင်လိုက်ရသော မြင်ကွင်းမှာ မသက်သာလှစွာ။ ကားပေါ်တွင် ပါလာသူများမှာ ဒဏ်ရာရလာသော တပ်သားများနှင့် ရွာသားတချို့ဖြစ်လေသည်။ အနည်းနဲ့အများ ဒဏ်ရာရလာသူများထဲတွင် သေနတ်ဒဏ်ရာများနှင့် အသားစများ ပေါက်ပြဲနေသူများပါ ပါရှိလေသည်။
ဒီနိုင်းက သွေးထွက်လွန်နေသော တပ်သားတစ်ဦးကို မြင်မြင်ချင်း နားထဲမှ လေများထွက်လာသလို အူသွားရလေသည်။
"မြန်မြန်လေး ဒီဘက်ကို ရွေ့လိုက်၊ ဟေ့ကောင် ဒီနိုင်း ဒီနိုင်း"
လင်းမော်က လူနာရွှေ့ဖို့ နေရာပြရင်း ကြက်သေသေနေသော ဒီနိုင်းကို သတိပေးလိုက်သည်။ ထိုအခါမှ ဒီနိုင်းက သတိဝင်လာကာ သူ၏ ဆေးသေတ္တာကို ပြေးယူရတော့သည်။ ထိုညတွင် သူတို့လေးဦးမှာ တော်တော်လေး အလုပ်ရှုပ်နေရသည်။ ဂျူတီကုတ် အဖြူလေးတွေက အနီရောင် သွေးများ ရဲထင်လို့ နေသည်။
စခန်းတွင်းမှာ ကယ်ပါယူပါ အော်နေသူများကိုလည်း ကြားနေမြင်နေရသည်။ တချို့ရွာသားတွေပါ မြေစာပင် ဖြစ်ကာ စစ်ပွဲထဲ ပါသွားရကြောင်း သိရတော့ သူတော်တော်လေး ခံပြင်းဒေါသ ထွက်မိသည်။ လက်နက်ရှိသူနှစ်ဖက် ချကြလျှင် ပထမဦးဆုံး အထိနာသူမှာ လက်နက်မရှိသည့် ပြည်သူများပင် ဖြစ်လေသည်။
နှဖူးပေါ်က စီးကျလာသော ချွေးကို သုတ်လိုက်ပြီး တစ်စုံတစ်ယောက်ကို သတိရသွားသည်။