တောင်ပေါ်ကို ရောက်တဲ့အခါမှာတော့ ရွာငယ်လေးက ထက်ထားတာထက် ပို၍ နွမ်းပါးလေသည်။ စစ်ဘေးသင့်ခဲ့ပြီး အပျက်အစီးများကြားမှာ ပြန်လည် တည်ထောင်ခဲ့ရသည်မို့ အိမ်များက ဟိုတစ်စု ဒီတစ်စုနှင့် ဝမ်းရေးအတွက် မွေးမြူထားသည့် ကြက်၊ဝက်၊ဘဲ များလည်း ရှိသည်။
သူတို့အဖွဲ့ရောက်သွားသည့်အခါ ဘေးနားမှ ကစားနေသည့် ကလေးများက လာရောက်ကြိုဆိုကြသည်။ လင်းမော်တို့ကို မြို့ကနေ ထည့်ပေးလိုက်သည့် စပွန်ဆာ ဆေးပုံးတွေကိုယ်စီကို ချလိုက်ကြပြီး အရင်ဆုံးနားရသည်။
သူတို့တွေ လုပ်ငန်းစဖို့ လုပ်တော့လည်း နေက ခေါင်းတည့်တည့်ပေါ်ကိုပင် ရောက်နေလေပြီ။ အပူဒဏ်ကို အံတု၍ သွဲ့မှူးက ကုတ်အဖြူလေးကို အပေါ်ကထပ်ဝတ်လိုက်ပြီး ဘေးနားတွင် ရပ်နေသော မိုင်းမိုင်ကို အကူအညီတောင်းလိုက်ရသည်။
"မိုင်းမိုင်၊ မှူးကိုလေ နေမကောင်းတဲ့သူတွေ ဦးစားပေးပြီး ခေါ် လာပေးလို့ ရမလား"
မိုင်းမိုင်က အမြဲလိုလို စကားနည်း၍ အနေအေးသောသူ ဖြစ်လေသည်။
"ဟုတ်ပြီ၊ လုပ်စရာ ရှိသေးလား"
"လူနာစာရင်းစစ်ဖို့ လူတစ်ယောက်တော့လိုတယ်"
မိုင်းမိုင်က ခေါင်းညိတ်ပြ၍ ဘေးကို လှည့်ကြည့်တော့ သွင်ခန့်က ခေါက်ဆွဲခြောက်ထုတ်များကို ပုံးထဲက ထုတ်နေသည်အား တွေ့လိုက်ရသည်။
"ဟိုကောင်လေး"
သွင်ခန့်က သူ့ကို ခေါ်သလားဆိုသည့် မျက်လုံးများဖြင့် လှည့်ကြည့်လာတော့ မိုင်းမိုင်က ဆက်ပြောသည်။
"လူနာစာရင်းလုပ်ဖို့ လူလိုနေတယ်တဲ့။ မင်းဒီမှာ ကူပေးလိုက်"
သွင်ခန့်က ခေါင်းလေးညိတ်ကာ မှူးဆီ လာတော့ လက်ထဲက စာအုပ်လေးကမ်းပေးလိုက်ပြီး
"ကျေးဇူးနော် မောင်လေး"
"ဟုတ် ရပါတယ်ဗျ"
ထို့နောက် မိုင်းမိုင်က ရွာထဲက လူတွေ ခေါ်ဖို့ အပြင်ထွက်သွားတော့ သွဲ့မှူးတို့က ဆေးပစ္စည်းတွေ ပြန်စစ်၍ နေရာထား စီစဉ်ရသည်။ အသက်အရွယ် ပိုင်းခြားပြီး ဆရာဝန်တစ်ယောက်ချင်းစီက တာဝန်ယူဖို့ပြင်ဆင်ကြတော့ သွဲ့မှူးက အသက် လေးဆယ်နှင့်အထက်ကို တာဝန်ယူပြီး လင်းမော်က အသက်နှစ်ဆယ်နှင့် အထက်ကို တာဝန်ယူသည်။ ကလေးသူငယ်နှင့် ကျန်လူများကိုတော့ ပိုင်ပိုင်က တာဝန်ယူလိုက်ပြီး အိပ်ရာထဲမှ မထနိုင်သောသူများကို အိမ်တိုင်ရာရောက် ကုသမှုပေးဖို့ ဒီနိုင်းက တာဝန်ယူလိုက်ရသည်။
