အပိုင်း(၃၇)

1K 126 2
                                    

      *အမှောင်ထု၌ မွေ့ပျော်သူများ*

.............................

ကျိုးပဲ့နေသော ဓားအပိုင်းအစများနှင့် သွေးနီနီတို့အကြား လင်းယဲ့တစ်ယောက် မလှုပ်မယှက်ရပ်နေမိသည်။ မျက်စိရှေ့မြင်ကွင်း၌မူ ကြီးမြတ်သောမိစ္ဆာနှိမ်နင်းသူအိမ်ရှေ့စံက မိစ္ဆာတစ်ကောင်ကိုထွေးဖက်ထားသည်မှာ ကမ္ဘာလောကကြီး ပြောင်းပြန်လှန်သွားသည့်နှယ်။ မိမိ၏ဂုဏ်အသရေအားလုံးကို ချနင်းကာ မိစ္ဆာတစ်ကောင်အား ကာကွယ်ရန် ရွေးချယ်ခဲ့သည့် အိမ်ရှေ့စံဟာ သိပ်ကို ရူးမိုက်လွန်းပါ၏။ သို့ပေသိ သူကိုယ်တိုင်ဟာလည်း အတူတူပင်မဟုတ်ပါလော။ ရာထူးဂုဏ်အင်များ၊
ကိုယ်ကျင့်တရားများနှင့် မိမိ၏သွေးသားရင်းချာကိုပင် စွန့်လွတ်ကာ ဤတိုင်းပြည်ကို ကာကွယ်ရန် ရွေးချယ်ခဲ့သည့် လင်းယဲ့ကိုယ်တိုင်ဟာလည်း ရူးမိုက်လွန်းလှသည်ပင်။

ထိုစဉ် လင်းယဲ့၏မျက်နှာချင်းဆိုင်၌ ဓားကိုကိုင်စွဲထားသည့်လူငယ်ကလေးတစ်ယောက် ပေါ်ထွက်လာခဲ့သည်။ လရောင်အောက်တွင် တောက်ပနေသည့် ဓားသွားဟာ လင်းယဲ့ထံသို့ ချိန်ရွယ်နေခဲ့ပြီး ဓားကိုကိုင်စွဲထားသည့်လူငယ်ကလေး၏ မျက်ဝန်းတို့ဟာလည်း စူးရှခက်ထန်နေ၏။

လင်းယဲ့က ထေ့ငေါ့ဟန်ဖြင့် ဟက်ခနဲရယ်လိုက်ကာ ပြောသည်။

"မင်းအခုကာကွယ်ပေးနေတာ ဘယ်သူတွေလဲဆိုတာကိုရော မင်းသိရဲ့လား ကျောက်မုချန်... တစ်ယောက်က နန်လင်မြို့ကို ဖျက်ဆီးခဲ့တဲ့မိစ္ဆာဖြစ်ပြီး
နောက်တစ်ယောက်က မင်းသိပ်လေးစားရတဲ့ ချူးစစ်သူကြီးကို သတ်ခဲ့တဲ့သူကွ!!!"

"ကျုပ်က အခု ဘယ်သူ့ကိုမှ ကာကွယ်ပေးနေတာမဟုတ်ဘူး.. ခင်ဗျားနဲ့ကျုပ်ကြားမှာ ရှင်းစရာလေးတွေရှိနေတယ် မထင်ဘူးလား လင်းယဲ့!!"

ကျောက်မုချန်သည် လင်းယဲ့အား စူးစူးဝါးဝါးစိုက်ကြည့်ကာ ပြောသည်။

"ခင်ဗျား ကျုပ်ကိုပြောစမ်း... ခင်ဗျား ဘာလို့ လင်းချွမ်ယင်ကို သတ်ခဲ့တာလဲ!!"

လင်းယဲ့က ပြန်မဖြေ။
ဤသည်ကပင် ကျောက်မုချန်၏ဒေါသကို ပိုဆွနေသယောင် ကျောက်မုချန်တစ်ယောက် ဓားကိုခပ်တင်းတင်းဆုပ်ကိုင်ကာ ဒေါသတကြီးအော်လာသည်။

Too Late To Hold You (Completed)Where stories live. Discover now