At least, you loved me
Part 6*လောကမှာ ရှင်သန်နေထိုင်ကြသူတိုင်း အကြောင်းအမျိုးမျိုးရှိကြတာမို့ ကိုယ့်ဘဝ ကိုယ့်ဇာတ်ကြောင်းမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေထိုင်ဖို့လိုတယ်*
ဖေဖေပြောခဲ့သော ထိုစကားသည် ကျွန်တော်လောကကြီးကို မြင်တတ်ကာစ အသက် ၅ နှစ်အရွယ်ကတည်းက နားရည်ဝလာသည့် စကားဖြစ်သည်။ စကား၏ ဆိုလိုရင်းကို သေချာနားမလည်သေးသော်ငြားလည်း ငယ်တုန်းကတော့ မိဘပြောစကားနားထောင်ပြီး လိမ္မာနေရမယ်လို့ ရိုးရိုးလေးတွေးလိုက်သည်။
စီးပွားရေးလောကမှာ လျှမ်းလျှမ်းတောက်သူတိုင်းနှင့်မကင်းသော ငွေမဲ ငွေဖြူကိစ္စတွေကိုလည်း ငယ်လွန်းသူမို့ နားမလည်ခဲ့ပါ။ ကျွန်တော်သိတာက ကျွန်တော်တို့ချမ်းသာသည်။ ငွေတွေအများကြီးရှိသည်။ ထိုအရာများကို ကျွန်တော်ကြီးလာသည့်အခါ ဆက်ခံခွင့်ရှိသည်မို့ ငယ်ကတည်းက ကြိုးစားရမည်။ လိမ္မာရမည်။
အပြင်သွားတိုင်း သက်တော်စောင့်လို လူအများကြီးနဲ့သွားခဲ့ရပြီး မကြာခဏလည်း အသက်အန္တရာယ်ရန်ရှာခံရတာမျိုးရှိသည်။ မှတ်မှတ်ရရ ဆိုးဆိုးဝါးဝါးမဟုတ်သည့်တိုင် တော်တော်ကြာအောင် ဆေးရုံတက်ကုသခဲ့ရသည့် ကားတိုက်မှု ၂ ကြိမ်တိတိကြုံခဲ့ဖူးသည်။ ညဘက်တွေ ဖေဖေနဲ့မေမေစကားပြောတိုင်း မေမေက ငွေမဲမကိုင်ဖို့ ငိုယိုပြီးပြောနေတာတွေ့သည်။ ထိုငွေမဲတွေကြောင့်ပဲ ကျွန်တော်တို့ အသက်အန္တရာယ်ရန်ရှာခံရတာဖြစ်ကြောင်း မေမေပြောပြသည်။ ကျွန်တော်နားမလည်သမျှကို အရိပ်အမြွက်သိနားလည်ခဲ့သည့်အချိန်က ကျွန်တော့်အသက် ၁၂ နှစ်ရှိပြီဖြစ်သည်။
ဒုတိယအကြိမ် ကားတိုက်မှုအပြီးတွင်တော့ ကျွန်တော့်ကို မတော်တဆမှုနဲ့ ဆုံးပါးသည်ဆိုပြီး သတင်းလွှင့်သည်။ လျှို့ဝှက်စွာဆေးကုသရသည့်နေရာက ဆေးရုံမဟုတ်ဘဲဆေးခန်းသာသာ ခပ်အိုအိုအဆောက်အဦတစ်ခုသာဖြစ်သည်။ ကုတင် ၁၀ လုံးကို မျက်နှာချင်းဆိုင် စီချထားကာ သာမန်ဝန်ဆောင်မှုသာရသော နေရာမျိုးမှာ ကျွန်တော်ဘာလို့နေရမှန်း စဉ်းစားလို့ကိုမရပါ။ ကျွန်တော်တို့မချမ်းသာတော့တာလား ဆိုတော့လည်းမဟုတ်။ အသုံးအဆောင်နဲ့ ပတ်ဝန်းကျင် ညံ့ဖျင်းနေသည်ကလွဲလို့ ကျွန်တော်စားချင်သမျှ စားလို့ရပြီး လိုချင်တဲ့ ကစားစရာ၊ စာအုပ်မှန်သမျှ အကုန်ရသည်။
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)