At least, you loved me
Part 11"ပတ်ချန်ယောလ်က လာမှာသေချာရဲ့လား ငယ်လေးရယ်"
မမရဲ့ တိုးတိုးကျိတ်ကျိတ်မေးသံကြောင့် ဂျောင်ဆူးက အပေါ်ထပ်ဝရံတာမှာရပ်ကာ လမ်းကိုမျှော်နေရာကနေ မမဘက်ကိုလှည့်ကြည့်လိုက်သည်။ ဒီနေ့က ကျွန်တော့်ရဲ့ ၁၈ နှစ်ပြည့်မွေးနေ့။ နောက်တစ်လလောက်နေရင် ကျောင်းပြီးတော့မည်။ ကျွန်တော်အရင်က မျှော်လင့်ခဲ့သလိုဆို ကျောင်းပြီးမှ ဦးနဲ့အတူ အိမ်ကိုခွင့်တောင်းပြီး လက်ထပ်ဖြစ်ခဲ့ကြမှာဖြစ်သည်။ အခုတော့ အစီအစဉ်တွေလည်းကမောက်ကမဖြစ်ကုန်ပြီး ဦးကလည်း ဂျောင်ဆူးအပေါ် ပြောင်းလဲနေပြီ။
၁၈ နှစ်ပြည့်မွေးနေ့ကို မိသားစုများနဲ့သာ အိမ်မှာပြုလုပ်ဖို့ ဦးကိုပြောတော့ ဦးက ဝတ်ကျေတန်းကျေသာ ခေါင်းငြိမ့်ခဲ့သည်။ ရုံးဆင်းရင်လာခဲ့မယ်ဟုပြောထားသော်လည်း ရုံးချိန်ကျော်ပြီး ညပင်ရောက်နေပြီ။ ထမင်းတူတူစားဖို့ စောင့်နေသည့် မိသားစုကို ဦးဘက်က နည်းနည်းပါးပါးတော့ အားနာဖို့ကောင်းပါသည်။
ကျွန်တော်ကျောင်းတက်သည့်ကိစ္စကိုလည်း စိတ်ဝင်တစားရှိပုံမပေါ်သည့်ဦးက နေ့စဉ်အသုံးစရိတ်ထုတ်ပေးနေတာကလွဲလို့ စာလိုက်နိုင်မနိုင်၊ အဆင်ပြေမပြေ တစ်စက်ကလေးမှ မေးဖော်မရပေ။ စာကျက်ဝိုင်းနှင့် ဂိုက်အချိန်တွေအတွက်လည်း သင်တန်းကြေးသာသွင်းပေးပြီး ဘယ်အချိန်တွေတက်သလဲ စိတ်ဝင်တစားမမေးမြန်းပါ။ အပြန်နောက်ကျသည့်နေ့ဆိုရင်တော့ ဦးက စိတ်ဆိုးချင်သေးတာဖြစ်သည်။ ဦးက တကယ်ကိုပဲ ကျွန်တော့်အပေါ်အေးစက်နိုင်၊ လျစ်လျူရှုနိုင်လွန်းသည်။
"ငယ်လေးတို့ အဆင်မပြေဘူးမဟုတ်လား"
မမရဲ့အမေးကိုလည်း ကျွန်တော်ပြန်ဖြေချင်စိတ်မရှိတော့ပါ။ ဦးရဲ့လျစ်လျူရှုမှုတွေမှာ ကျွန်တော်က အသားလည်းကျနေပြီဖြစ်သည်။
"ဂျောင်လေး...ချန်ယောလ်အထင်လွဲနေတဲ့ကိစ္စကို သေချာပြောပြလိုက်ရင် အိမ်ထောင်ရေးအဆင်ပြေလောက်တယ်နော်"
အစ်ကို ထယ်ဝူးရဲ့စကားကိုလည်း ကျွန်တော် ခေါင်းမငြိမ့်မိ။ ဦးအနေနဲ့ မမနဲ့အစ်ကိုထယ်ဝူးကိစ္စမှာ ကြီးကြီးမားမားအထင်လွဲခဲ့သည့်ကိစ္စရှိနေမှန်း နည်းနည်းလေးတောင် မရိပ်မိခဲ့လေဘူးလား။ ဦး မသိခဲ့တဲ့ကိစ္စကို ဦး ကိုယ်တိုင်သာ သိသွားစေချင်သည်။ ကျွန်တော်ပြောပြမှ သိလာပြီး ကျွန်တော့်ကို ပြန်အားနာနေရတာမျိုး မဖြစ်စေချင်ပါ။
YOU ARE READING
At least, you loved me
Fanfictionဦး ကျွန်တော့်အပေါ်ထားတဲ့ အမုန်းပမာဏကို ပေါ်လွင်အောင် တိုင်းတာပြလို့ရမဲ့ ယူနစ်မရှိလောက်ဘူး.... (Unicode + Zawgyi)