Part 16

594 73 6
                                    

At least, you loved me
Part 16

အိမ်ထက်ပိုပြီး နန်းတော်ဆောင်ကြီးနှင့်ပင်တူနေသော အဆောက်အဦကို ဂျောင်ဆူးမော့ကြည့်နေမိသည်။ ဦးနဲ့လက်ထပ်ပြီးတာကြာပေမဲ့ ဦး မိဘတွေဆီကို တစ်ခေါက်တောင် မရောက်ဖူးခဲ့ပေ။ ဒီနေ့မှ ဦးက သူ့မိဘတွေနှင့်တွေ့ရန် ဂျောင်ဆူးကိုပါခေါ်လာခြင်းဖြစ်သည်။

ဦးကို စကားမပြောချင်သော်လည်း ဦး မိဘတွေကို လိုက်တွေ့ဖို့တော့ မငြင်းလိုက်ချင်ပါ။ ဦးနဲ့ စိတ်အခန့်မသင့်တာတွေရှိပေမဲ့ ဂျောင်ဆူးက ဦးကို အပြီးတိုင်စွန့်လွှတ်ဖို့မှ မဖြစ်နိုင်ဘဲ။ ဦးလုပ်ရပ်တွေကို မုန်းတီးသလိုရှိပေမဲ့ ဦး နှလုံးသားကိုတော့ သိပ်ချစ်မိနေပြီးသားလေ။

"ငယ် လာလေ"

အိမ်အဝမှာ ရပ်နေတဲ့ ဂျောင်ဆူးရဲ့လက်ကို ဦးက တွဲပြီး အိမ်ထဲကိုခေါ်သည်။ ဂျောင်ဆူးတို့ ချမ်းသာတယ်ဆိုတာ ဒီအိမ်နဲ့ယှဉ်ရင် ပမွှားလေးပါလို့ ပြောရလောက်အောင်အထိ ဦး မိဘတွေအိမ်က ခမ်းနားလွန်းသည်။ အောက်ထပ်က ဧည့်ခန်းကိုကျော်ပြီး အိမ်ပေါ်ထပ် ဧည့်ခန်းထဲမှာ ထိုင်ပြီးသည်အထိ ဦးက ဂျောင်ဆူးလက်ကို မလွှတ်သေးပေ။ ဦးရဲ့မိဘတွေကို မင်္ဂလာဆောင်သည့်နေ့ တစ်ကြိမ်သာမြင်ဖူးသောကြောင့် ဂျောင်ဆူးက သေချာတော့ မမှတ်မိပါ။ အခန်းနံရံက ပုံတွေကိုကြည့်မိတော့ မိသားစုပုံနှင့် တစ်ဦးချင်းပုံ တစ်ပုံစီသာ ချိတ်ထားသည်။ ဦး အိမ်မှာလိုပဲ ဦး ငယ်ဘဝတုန်းက ဓာတ်ပုံ တစ်ပုံမှရှိမနေပေ။

"ချန်ယောလ် ရောက်နေပြီလား"

ဦး အဖေက စာကြည့်ခန်းလို့ ထင်ရသော အခန်းထဲက ထွက်လာကာ ဦး ကိုနှုတ်ဆက်ရင်း ဂျောင်ဆူးကို တစ်ချက်လှမ်းကြည့်သည်။

"လုပ်ငန်းကိစ္စပြောမလို့ကို ကလေးက ဘာလို့ခေါ်လာတာလဲ"

"ငယ်က အိမ်ကိုတစ်ခါမှမရောက်ဖူးသေးလို့ခေါ်လာတာပါ
ငယ်ရှိနေလဲ ပြောလို့ရပါတယ် ငယ်က ကျွန်တော့်အမျိုးသားလေ"

ဦး အဖေက ဂျောင်ဆူးပါလာတာ သဘောမကျသလိုပြောသည်။ ရုတ်တရက်ဝင်လာတဲ့ အားငယ်စိတ်တွေကြောင့် ဘယ်နားနေလို့ နေရမှန်းတောင်မသိ။ ဦးတို့အသိုင်းအဝိုင်းက အဲ့ဒီလောက်ကို အရှိန်အဝါကြီးသည်။ ကိုယ်ပိုင်စီးပွားရေးအုပ်စုထောင်ထားသည့် မေမေတို့တောင် ငြင်းဆန်လို့မရလောက်တဲ့အထိပေါ့။

At least, you loved meWhere stories live. Discover now