အပိုင်း(၂)

2.3K 58 3
                                    

သူနှင့်ကျွန်မသည် ငယ်သူငယ်ချင်းများ ဖြစ်ပါသည်။ ငယ်စဉ်ကအကြောင်းများ ပြန်စဉ်းစားကြည့်လိုက်တိုင်း သူ့ကို တွေ့စက ပုံစံလေးကို ယခုတိုင် မြင်ယောင်မိသည်။ ၂၀၀၂ခုနှစ်၏ ပထမဆုံးကျောင်းဖွင့်ရက် သူငယ်တန်းအခန်းသို့ သူ့အမေ လက်ကိုဆွဲပြီး လျှောက်လာကတည်းက ကျွန်မသည် သူ့ကို မြင်မြင်ချင်းခင်မိသွားပါတော့သည်။ အသားဖြူဖြူ၊ နားရွက်ကားကား ကောင်လေးနှင့် အသားညိုညို ပါးဖောင်းဖောင်းကောင်မလေးသည် သူငယ်တန်း ပထမဆုံးနေ့မှာပင် သူငယ်ချင်း ဖြစ်သွားတော့သည်။ ကျွန်မတွင် မိန်းကလေးသူငယ်ချင်းများ ရှိသော်လည်း ယောက်ျားလေးသူငယ်ချင်းဟူ၍ သူ တစ်ယောက်ကိုသာ စွဲစွဲမြဲမြဲ ပေါင်းခဲ့ပါသည်။

ကျွန်မငယ်ငယ်က အဆော့သန်သည်။ သိုင်းချတမ်းဆော့သည်ကို ဝါသနာပါသည်။ မှတ်မှတ်ရရ သူငယ်တန်းနှစ်က သူငယ်ချင်းများဆော့ကြရင်း ကျွန်မကြောင့် သူ့ခြေထောက် သံမှိုစူးဖူးပါသည်။ ကြီးကြီးမားမား မဖြစ်၍ တော်ပါသေးသည်။ မဟုတ်လျှင် ကျွန်မကြောင့် ကိစ္စကြီးသွားနိုင်သည်။

ထိုအခါက တီဗီမှလွှင့်သော ဝူခုန်းကားကို ကြိုက်သောကြောင့် ကျောင်းရောက်ပြီဆိုလျှင် သူငယ်ချင်းများနှင့် ဝူခုန်းလုပ်တမ်း ကစားသည်။ ခွရှိသော အပင်ခပ်နိမ့်နိမ့်များပေါ်သို့ တက်၍ ကျွန်မက ဝူခုန်းကဲ့သို့ မျက်လုံးပေါ်တွင် လက်ကိုကာ၍ သစ်သီးရှာဟန် ပြုပါသည်။ သစ်ပင်ပေါ်အတက်ကောင်း၍ ကျောင်းတက်ခေါင်းလောင်းထိုးသည်အထိ သစ်ပင်အောက်ပြန်မဆင်းနိုင်သော ရက်များလည်းရှိပါသည်။ စိန်ပြေးတမ်း၊ တူတူပုန်းတမ်း၊ ဥဖမ်းတမ်း စသည်ဖြင့် ကစားနည်းမျိုးစုံကို စုံနေအောင် မမောတမ်း ကျွန်မဆော့သလောက် သူက အနေအေးပါသည်။ သူသည် ပြေးရလွှားရသည့် ကစားနည်းများတွင် သိပ်မပါဝင်ပါ။ ထို့ကြောင့် သူ့အဖြူအင်္ကျီလေးက ညနေကျောင်းဆင်းသည်အထိ အဖြူအတိုင်းကျန်ပါသည်။ အဖြူအတိုင်းမကျန်လျှင်လည်း အိမ်ရောက်သောအခါ သူ့အမေက ဆူပါလိမ့်မည်။ ကျွန်မကတော့ ညနေဆို လူရုပ် မထွက်တော့ဘဲ အဝတ်အစားများသည် ဖုန်အလိမ်းလိမ်းနှင့် ပေကျံနေတော့သည်။

ရင်ထဲကနွေWhere stories live. Discover now