စာမေးပွဲဖြေပြီးသည့် ရက်များတွင် ကျွန်မသည် အိမ်နှင့် နှစ်လမ်းကျော်သာဝေးသော ရွှေသွေးစာအုပ်ဆိုင်ဖြစ်စေ၊ ကျောင်းကြီးမြောက်ဘက်မှ လူငယ်စာကြည့်တိုက်တွင်ဖြစ်စေ စာအုပ်များသွားငှားပြီး စာဖတ်ရင်း အချိန်ကို ကုန်ဆုံးစေသည်။ ထို့နောက် ကွန်ပျူတာသင်တန်း တက်သည်။
အောင်စာရင်း ထွက်မည့်ညက စိတ်လှုပ်ရှားသည်။ အောင်တော့အောင်မှာပါ ဟု ကိုယ့်စိတ်ကို ဖြေသိမ့်သည်။ မနက်ငါးနာရီခွဲထ၍ ကျွန်မအစ်မနှင့်အတူ အောင်စာရင်းသွားကြည့်သည်။ ကျောင်းထဲရောက်တော့ လူတိုးရသည်။ အောင်စာရင်းကပ်သည့် သင်ပုန်းရှေ့သို့ ရောက်အောင် မနည်းတိုးလိုက်ရသည်။
"နွေဦးကဗျာ ဖအ-၁၀၂"
ဂုဏ်ထူးရဘာသာအောက်တွင် မြန်မာ၊
"အယ်၊ နွေ ညီမလေး မြန်မာစာ ဂုဏ်ထူးထွက်တယ်"
"မြင်သားပဲ"
"မပျော်ဘူးလား"
"တစ်ဘာသာထဲပါလို့ အိမ်ကျရင် ဆူတော့မှာပဲ"
"မဆူလောက်ပါဘူး။ လာပြန်မယ်"
"နေဦး။ သူငယ်ချင်းတွေကို ရှာဦးမယ်။ မမ ကြည့်ဦး။ မြန်မာဆိုတဲ့ဘေးမှာ ဘာလို့ ပုဒ်ကလေးချထားတာလဲ။ စာရိုက်တဲ့သူတွေ နောက်က ဘာသာတွေ ကျန်ခဲ့တာများလား။ အဲ့ဒါဆို ငါတစ်ဘာသာထဲ မဟုတ်လောက်ဘူး"
"ဟာသပဲ၊ မရူးစမ်းပါနဲ့ နွေရယ်"
ဒါကို ကျွန်မတွေးထားခဲ့ပါသည်။ ကံကောင်းလျှင် အင်္ဂလိပ်နှင့် ရူပဗေဒကို ဂုဏ်ထူးပါမည်ဟု တွေးထားခဲ့သော ကျွန်မအတွေးသည် လေထဲ တိုက်အိမ်ဆောက်ခြင်း ဖြစ်ပါလိမ့်မည်။ မြတ်လေး၊ နိုနို နှင့် ယွန်းတို့လည်း ဂုဏ်ထူးကိုယ်စီနှင့်။ သူရိန်လင်း။ သူလည်း အောင်သည်။ ဂုဏ်ထူးတော့မပါ။
အမှတ်စာရင်းများ ထွက်လာသည့် နောက်တစ်နေ့တွင် ကျွန်မတို့သူငယ်ချင်းများ ယွန်းယွန်းအိမ်တွင် ချိန်းတွေ့ကြသည်။
"ငါဘာတက်ရမလဲ မသိဘူးဟာ" နိုနိုကပြောသည်။
"ယွန်းက အမှတ်ကောင်းတယ်။ ဆေးတက်မှာ သေချာပြီလား"
ŞİMDİ OKUDUĞUN
ရင်ထဲကနွေ