အပိုင်း(၃)

1.5K 44 0
                                    

မနက်ဖြန် အတန်းထဲတွင် အလီပြိုင်ပွဲရှိသည်ဟု ဆရာကြီးက ပြောလိုက်သည်။ ထို့ကြောင့် ဒီနေ့ည အလီတွေ ပြန်နွှေးရမည်။ ဆရာကြီးက ကျောင်းသားတစ်ယောက်ကို ရွေးမည်။ ထိုကျောင်းသားက သူငယ်ချင်းတစ်ယောက်ကို ရွေးကာ အပြန်အလှန် အလီတစ်ခုစီ ဖောက်မေးရမည်။ မဖြေနိုင်သည့်သူက နားရွက်ဆွဲခံရမည်။

မနက်သင်္ချာချိန် ရောက်သောအခါ ကျွန်မ စိတ်လှုပ်ရှားနေသည်။ ခုထိ အလီတွေက ရောနေတုန်း။

"နွေဦးကဗျာ"

ဆရာကြီးက ကျွန်မနာမည်ကို ခေါ်လိုက်သည်။ သွားပြီ။ စိတ်လှုပ်ရှားနေတာနှင့် ဖိနပ်မှောက်မထားမိလိုက်။

"ပြိုင်မယ့်တစ်ယောက်ကိုခေါ်"

"ဟုတ် ဆရာကြီး၊ ဟို.....သူရိန်လင်း"

ကျွန်မ သူ့ နာမည်ခေါ်လိုက်တော့ သူမျက်လုံးပြူးသွားသည်။ သူလည်း ကျွန်မလို အလီတွေ ရောနေသေးတာဖြစ်မည်။ ဒါပေမဲ့ မတတ်နိုင်။ နားရွက်ဆွဲခံရလျှင်တောင် သူက ကျွန်မအပေါ် သက်ညှာမည်ဟု စဉ်းစားမိသောကြောင့် ဖြစ်သည်။ သူက စမေးရသည်။

"သုံး ခုနှစ်လီ"

ကျွန်မကြာကြာ စဉ်းစားမနေရ။

"နှစ်ဆယ့်တစ်" ဟုဖြေလိုက်နိုင်သည်။ ကျွန်မ သူ့ကို ဘာမေးရမည်လဲ။ အကြံတစ်ခုပေါ်လာသည်။ ကျွန်မ ရောတတ်သော အလီကိုသာ မေးလိုက်သည်။

"လေး ခုနှစ်လီ"

"သုံးဆယ့်နှစ်"

သူ မှားသွားပြီ။ ကျွန်မ သူ့ကို နားရွက်ဆွဲရတော့မည်။ ကျွန်မပြုံးလိုက်ကာ "သူ နည်းနည်း နာမယ်နော် ဖြစ်တယ်မလား" ဟု ပြောရင်း သူ့နားရွက်ကို ခပ်ဖွဖွ လိမ်လိုက်ပါသည်။ တစ်ဆက်တည်း သူ့နားရွက်တွင်ရှိသည့် နားသီးလေးကိုပါ ခပ်ဖွဖွဆွဲလိုက်ပါသည်။ သူ့တွင် ချစ်စရာကောင်းသော နားသီးကလေးရှိသည်။ ကျွန်မ သူ့ကို စချင်သည့်အခါတိုင်း ထိုနားသီးကလေးကို ဆွဲလေ့ရှိပါသည်။ သူ့နားရွက်ကလေး မသိမသာနီသွားသည်။

နောက်တစ်နေ့ မုန့်စားကျောင်းဆင်းချိန်တွင် ဝါကျဖွဲ့ အိမ်စာ မပြီးသေးသဖြင့် မုန့်မစားနိုင်ဘဲ စာလုပ်နေစဉ် သတင်းတစ်ခု ကြားရပါသည်။ သူငယ်ချင်း ထက်ထက်က မျက်နှာချင်းဆိုင်ခုံတွင် ထိုင်ကာ
"နွေ ဒီအခန်းထဲမှာလေ နင့်ကိုကြိုက်နေတာ သုံးယောက်တောင် ရှိတယ်" ဟု ဆိုင်းမဆင့်ဗုံမဆင့် ပြောသည်။

ရင်ထဲကနွေWhere stories live. Discover now