အပိုင်း(၂၃)

704 33 4
                                    

နောက်တစ်နေ့တွင် အင်းလေးသို့ ခရီးဆက်ကြရသည်။ အင်းလေးတွင်လည်း တစ်ညအိပ်ခရီးဖြစ်သည်။ 2Tနှစ်က ရေတိမ်နစ်ခဲ့ဖူးသဖြင့် ရေပြင်ကျယ်မြင်လျှင်ပင် ကျွန်မ စိတ်လှုပ်ရှားချင်လာသည်။ ထို့ကြောင့် လှေအတက်အဆင်းကို ဂရုစိုက်ရသည်။

သူငယ်ချင်းတစ်ယောက်တော့ မဲပေါက်သွားသည်။ လှေပေါ်မှ ဘုန်းကြီးကျောင်းပေါ်သို့ အကူးတွင် ဟန်ချက်မထိန်းနိုင်ဘဲ ကားယားကြီးဖြစ်ကာ ရေထဲသို့ ကျသွားသည်။ တော်သေးသည်။ ကြွက်စုတ်ဖြစ်ရုံကလွဲ၍ အသက်အန္တရာယ် မထိခိုက်ပေလို့။ မြေပြန့်က ဗမာအစ်ကိုတစ်ယောက် ခြေအဆန့်လွန်၍ ရေထဲပြုတ်ကျသည့် အဖြစ်ကို ရှမ်းမလေးများ သိရင် ရယ်ကြဦးမည်လား မသိ။

ရေပေါ်တွင် အိမ်ဆောက်သော အင်းလေးကန်တွင်လည်း ကျွန်မတို့ စိတ်လှုပ်ရှား ပျော်ရွှင်စွာ လည်ပတ်ခဲ့ကြသည်။ အဲ့သည်တုန်းက ဟောပြောပို့ချသည့် အကြောင်းအရာကိုတောင် သိပ်မမှတ်မိချင်။ တိမ်ကောပပျောက်တော့မည့် အင်းလေးကန်အကြောင်းလား၊ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများကြောင့် အကျည်းတန်လာသော အင်းလေး သဘာဝပတ်ဝန်းကျင် အကြောင်းလား။ ထိုအကြောင်းကို နားထောင်နေစဉ်က စိတ်ဝင်စားမှု အပြည့်အဝ ရှိခဲ့သော်လည်း ဘုန်းကြီးကျောင်းမှ ကျွေးသည့် အရသာရှိလှ၍ လတ်ဆတ်သော အင်းဒေသထွက် ခရမ်းချဉ်သီး ဟင်းလျာအမျိုးမျိုးနှင့် ငါးကင်များကို မြင်ရသည့် တစ်ခဏတွင် အင်းလေးကန်အကြောင်းကို မေ့သွားတော့သည်။

အင်းလေးကန်တစ်ခွင် လည်ပတ်စဉ်က မင်းသားရှုံးအောင် ချောမောနေသော သူ့ကိုလည်း လှမ်းမြင်မိပါ၏။ နေကာမျက်မှန်ကြီး တပ်ကာတပ်ကာနှင့် ဓာတ်ပုံရိုက်နေသည်ကိုလည်း တွေ့မိပါ၏။

အမှန်စင်စစ် သူသည် ဟိုး ရှေ့တွင် လှမ်းမြင်နေရသော မှုန်ရီဆိုင်းနေသည့် တောင်တန်းများနှင့် တူ၏။ အမြင်နီးသော်လည်း ခရီးဝေးလွန်းလှပါသည်။

အလှမ်းဝေးခြင်း၊ မနီးစပ်ခြင်းတို့ကို တွေးမိသောအခါ  ကျွန်မ ငိုချင်လာမိသည်။ ငိုချင်လျက်နှင့် ပြုံးသည်က အာစီ(RC)ဘာသာရပ်ထက် ခက်သည်ဟု ပြောလျှင် လှေဦးပိုင်းတွင် ထိုင်လိုက်လာသော အာစီဆရာမ ကျွန်မကျောကို လှမ်းထုလေလိမ့်မလား။

ရင်ထဲကနွေWhere stories live. Discover now