အပိုင်း(၁၀)

877 29 2
                                    

ကျွန်မတို့သည် ပထမနှစ်များဖြစ်၍ အတန်းမပြေးတတ်သေး။ အတန်းပြေးခြင်း အနုပညာကို မခံစားတတ်သေး။ တစ်ခန်းလုံးအတန်းပြေးရန် တိုင်ပင်လိုက်တိုင်းလည်း ဘယ်သောအခါမှ မညီညွတ်ကြ။ အယောက်တစ်ရာရှိသော အခန်းတွင် ကိုးဆယ့်ခုနှစ်ယောက်က အတန်းပြေးပြီး သုံးယောက်က အတန်းထဲတွင် ကျန်ခဲ့ကာ တက်ချင်တက်နေပြန်သေးသည်။ ထိုအတန်းတက်နေသောသုံးယောက်သည် မိန်းကလေးများဖြစ်ကြသည်။ အခြားမေဂျာများကတော့ စည်းလုံးသည်။ တစ်ခန်းလုံး အတန်းပြေးမည်ဆိုလျှင် အရိပ်တောင် မကျန်စေရ။

ကျွန်မတို့သည် တစ်တန်းလုံးနီးပါး ပြေးပြီး နောက်တစ်နေ့တွင် ဌာနမှူး၏ ပြောဆိုမှုကို ခံကြရတော့သည်။ နောက်တစ်ကြိမ် တစ်ခန်းလုံးပျောက်လျှင် လက်မှတ်ထိုးရမည်တဲ့။ ဒီနေ့ ထမင်းစားချိန်တွင် သူနှင့် အောင်ပြည့်စုံတို့နှင့် လမ်းမှာတွေ့၍ လမ်းလျှောက်ရင်း စကားပြောလာခဲ့သည်။ သူကမေးသည်။

"နွေ စာတွေပိုင်ပြီလား"

"မပိုင်သေးပါဘူးဟာ၊ ငါဖာ့စ်ဆမ်မက်စတာ(first semester) တုန်းက သင်္ချာ စီ ထိတယ်လေ၊ အဲ့ဒါ ကျူရှင်ယူရတယ်"

"အေး၊ ငါလည်း စီ လေ၊ ကျတော့ မကျလောက်ပါဘူး"

"ဘီအမ်စီလည်း စီ ထိတယ်လေ၊ စီ ထိတာတွေ ဖိလုပ်မှဖြစ်မှာ"

"ဘီအမ်စီက ကျက်ရမယ့်အပုဒ်များလား"

"များတာပေါ့၊ ဆရာမက ရွေးမပေးတော့ ပိုဆိုး၊ အကုန်ကြည့်ရမယ်တဲ့"

ထို့နောက် ကျွန်မတို့စကားဝိုင်းထဲသို့ အောင်ပြည့်စုံ ဝင်လာသည်။

"ငါကလေ ဘီအမ်စီကို နားမလည်ဘူး။ တီချယ်ရှင်းပြရင်တော့ လိုက်နားထောင်တာပါပဲ၊ ဒါပေမယ့် စကားလုံးတွေက မသိတာတွေများတော့ ငါလည်း လိုက်မမီတော့ဘူး။ နွေ ငါ့ကို ဘီအမ်စီ ရှင်းပြပါလား၊ မနက်ဖြန်ဖြစ်ဖြစ်၊ သဘက်ခါဖြစ်ဖြစ်ပေါ့"

"ဟာ ဖြစ်ပါ့မလား‌၊ ငါ့ဟာနဲ့ငါတောင် လည်နေတာကို၊ ငါမရှင်းပြတတ်ဘူး"

"လုပ်ပါဟာ နင်ကလည်း၊ အချင်းချင်းတွေကို"

"အေးပါ၊ အဲ့ဒါဆို မနက်ဖြန် ရှင်းပြမယ်၊ ငါတို့ခုံဘက်လာခဲ့"

ရင်ထဲကနွေTahanan ng mga kuwento. Tumuklas ngayon