အမိတက္ကသိုလ် ကျောင်းတော်ကြီး၏ ကုက္ကိုပင်ဝိုင်း နေရာတစ်ဝိုက်ကို ဗဟိုပြုကာ အကြိုအတာသဘင်ပွဲ ဆင်နွှဲကြရန် မိနစ်ပိုင်းပင် လိုတော့သည်။
ဆုပိုင်သည် သင်္ကြန်ပျော်ရမည့်အရေးထက် မျက်မှန် ရေစိုမည့်အရေးကို ပိုအလေးထားသူဖြစ်သည်။ ထို့ကြောင့် ကျောင်းသင်္ကြန်ပွဲသို့ ဆုပိုင်မလိုက်သောကြောင့် ကျွန်မသည် အဆောင်တူ ညီမလေးနှင့်သာ ကျောင်းသို့ လမ်းလျှောက်လာခဲ့ရသည်။ ကျောင်းရောက်သောအခါ ညီမလေးသည် သူငယ်ချင်းများနှင့် တွေ့၍ စကားလက်ဆုံကျနေလေသည်။ ထိုအခါ ကျွန်မ တစ်ယောက်တည်း ဖြစ်နေတော့သည်။
လာမည်ဆိုသည့် သူငယ်ချင်းများကလည်း မလာသေး။ သူ့ကိုတော့ ရိပ်ခနဲ တွေ့လိုက်သယောင်။
အနားက ဖြတ်သွားသော ကျောင်းသူများ လက်ထဲတွင် တစ်ခါသုံး ပလတ်စတစ်ခွက် ကိုယ်စီနှင့်။ ထိုအထဲတွင် စားချင့်စရာ အုန်းသီးဖတ်များ ဖြူးထားသော မုန့်လုံးရေပေါ်များ။ မုန့်လုံးရေပေါ်ကို ငေးနေသော ကျွန်မကို သတိထားမိသူ စီနီယာတစ်ယောက်က
'ညီမလေး မုန့်လုံးရေပေါ်က building-1 နားမှာ သွားယူလို့ရတယ်နော်' ဟု ပြောလာသည်။ ထိုအခါမှ ကိုယ့်အဖြစ်ကို ရယ်ပြုံးပြုံးလိုက်ပြီး 'ဪ ဟုတ်ကဲ့ မကြီး' ဟု ဆိုကာ building-1 ဘက်သို့ လှည့်လာခဲ့သည်။ဖော်ရွေသော မောင်လေးတစ်ယောက်သည် ကျွန်မ၏ ရည်ရွယ်ချက်ကို သိသူအလား စတုဒိသာမဏ္ဍပ်အနား ကျွန်မရောက်သည်နှင့် မုန့်လုံးရေပေါ်ထည့်ထားသည့် ပလတ်စတစ်ခွက်ကို ကမ်းသည်။
'တစ်ဘူးနဲ့ လောက်လား မကြီး' ဟု မေးသည်။
'လောက်တယ် မောင်လေး၊ ကျေးဇူး' ဟုဆိုကာ အုန်းလက်မဏ္ဍပ်ဘက်သို့ စားရင်း လျှောက်လာခဲ့သည်။
'အင်း...အရသာရှိလိုက်တာ...မုန့်သားလေးက နူးအိပြီး ထန်းလျက် အချိုနဲ့ အုန်းသီးက လိုက်ဖက်နေရောပဲ' ဟု တွေးနေစဉ် ကုက္ကိုပင်နောက်မှ သူတစ်ယောက် ဘွားခနဲ ပေါ်လာလေသည်။ သူ့လက်ထဲတွင် ရေပုံးကြီးနှင့်။
'ဟဲဟဲ'
သူသည် ကျွန်မအပေါ် ရေတစ်ပုံးလုံး လောင်းချတော့မည်ဟန်ပြင်သည်။
ESTÁS LEYENDO
ရင်ထဲကနွေ