အပိုင်း(၁၉)

642 29 4
                                    

စပါးကြီးမြွေညှို့သည်ကို မကြုံဖူးသော်လည်း သူရိန်လင်း၏ ညှို့ချက်များအောက်တွင်တော့ ကျွန်မသည် အခါခါ ကျဆုံးခဲ့သည်မှာ အမှန်ပင်ဖြစ်၏။

ထိုအချိန်က သူ၏ ညှို့ချက်တွင် ကျရှုံးရုံသာမဟုတ်။ အင်ဂျင်နီယာ ဘာသာရပ်များ၏ ညှို့ချက်အောက်တွင်လည်း ကျရှုံးခဲ့ပါသည်။ ပထမနှစ်ဝက်တွင် နှစ်ဘာသာကျသည်။ D တစ်လုံး၊ E တစ်လုံး။ ထိုနှစ်ဘာသာသည် အကျများ၏။ အထူးသဖြင့် RC။ သုံးပုံတစ်ပုံက C။ သုံးပုံတစ်ပုံက D။ သုံးပုံတစ်ပုံက E။ အများနှင့်မို့ ကျသည်ကို ရယ်တောင်ရယ်ချင်သေးသည်။

အောင်စာရင်း ထွက်စဉ်က မပူပန်မိ။ ကျသည့်သူများ မိဘခေါ်ရမည်ဆိုသောအခါ ဝမ်းနည်းသွားသည်။ ကျွန်မသည် အိမ်ကိုမပြောရဲသဖြင့် မြတ်လေးတို့ကို ပြောပြီး တငိုငိုတရီရီ ဖြစ်နေသည်။ ကျွန်မကို သူဖြေသိမ့်ရန် ဝေးစွ၊ သူက အိမ်ကို မပြောဘူးဟု ဆုံးဖြတ်ထားသူ။ အဆောင်တွင် သိကျွမ်းသော အခြားမေဂျာမှ အစ်ကိုကြီးတစ်ယောက်ကို ခေါ်သွားမည်ဆိုသော အစီအစဉ်ဆွဲနေသူ။ ကျွန်မလည်း သူ့လို စိုးရိမ်ပူပန်မှု ကင်းချင်ပါဘိ။

နှစ်ဘာသာကျသော ကျောင်းသူ၏ မိဘအဖြစ် ကျွန်မမိဘများကို တက္ကသိုလ်ပရဝုဏ်အတွင်း ခြေမချစေလိုပါ။ စိတ်ထဲမှ အခါခါ အားနာစိတ်ဝင်မိရင်း စာသေချာလုပ်ရန် ကိုယ့်ကိုယ်ကို သတိပေးနေခဲ့မိသော ခက်ခဲသည့် အချိန်ကာလများဖြစ်ခဲ့၏။ ဆိုးဆိုးဝါးဝါးကျထားသည့် ဘာသာကို ကျူရှင်ယူလိုက်ရသည်။ ကျောင်းတွင်သင်သည့် ဆရာမနှင့် ကျူရှင်တွင်သင်သည့် ဆရာမ မတူပါ။ သူလည်း ကျူရှင်ယူသည်။ ဆုံရပြန်ပြီပေါ့ တစ်ခါ။

'နွေ၊ သင်္ချာက ခက်လား၊ ကျူရှင်ယူရမလား' ဟုသူက မေးသည်။ သူသည် သင်္ချာကို C ထိထားသည်။ ကျွန်မက B။

'first yearကနေ 4BEထိ သင်ခဲ့ရတဲ့ သင်္ချာထဲ ခုနှစ်သင်္ချာက အလွယ်ဆုံးပဲလားလို့၊ ဆရာမ သင်တာကလည်း ရှင်းတာကို၊ နင်တက်မယ်ဆို ဒီဆရာမဆီပဲ တက်မှာမလား၊ ကျောင်းမှာ သေချာနားထောင်ရင် နားလည်ပါတယ်'

'အင်း....'

သူသေချာစဉ်းစားနေသည်။ သူသည် Soilကိုလည်း ကျူရှင်ယူထားသေးသည်။ ကျောင်းတစ်ဖက်နှင့် ကျူရှင်တွေ ပတ်တက်နေရတာ တက္ကသိုလ်စတိုင်လ်မှ မဟုတ်ဘဲ။ သူ ဝေခွဲရခက်နေပုံရသည်။

ရင်ထဲကနွေWhere stories live. Discover now