အပိုင်း(၉)

878 30 7
                                    

ကျောင်းသားတစ်ယောက်သည် လက်ထဲတွင် Tပေတံကို ကိုင်ကာ လွယ်အိတ်ထဲတွင် စာရွက်ဖြူအလိပ်ကြီး ထိုးထိုးထောင်ထောင်နှင့်ထည့်ပြီး လမ်းလျှောက်လာလျှင် ထိုနေ့အတွက် Drawing ဆွဲစရာရှိ၍ ဖြစ်ပါသည်။ Drawingချိန်တွေဆိုလျှင် အီစိမ့်နေအောင် မတ်တပ်ရပ်ပြီး ပုံဆွဲကြရသည်။ ထိုင်ခုံများရှိသော်လည်း အများစုက မတ်တတ်ရပ်၍ ဆွဲနေရသည်ကိုပဲ နှစ်ခြိုက်ကြသည်။

ထိုသို့သောနေ့၏ ညနေကျောင်းဆင်းချိန်များတွင် ကျွန်မသည် ခြေကုန်လက်ပန်းကျသွားတတ်သည်။ ထိုအခါမျိုးတွင် ရွာထဲရှိ အောင်ဇေယျုံဘုရားပေါက်ရှိ ဆိုင်သို့ အာပူလျှာပူသွားသောက်ရမှ၊ အသီးဆိုင်က ဖရဲသီးဝယ်စားလိုက်ရမှ ပင်ပန်းမှု ပြေပျောက်သည် ထင်၏။ အဆောင်ရောက်ရန် ဖယ်ရီကား စီးပြန်ကြသူတွေလိုဆိုလျှင် ကျွန်မဘယ်လိုလုပ်ပါ့မလဲ။ အိပ်ရာပေါ် ချက်ချင်းလှဲချရမည် ထင်သည်။ Drawingချိန်ကမှ တော်သေးသည်။ မတ်တပ်ရပ်ပြီး ပုံဆွဲရုံဖြစ်၍ လူက ကျော့ကျော့မော့မော့ ရှိသေးသည်။ Carpentoryတို့ Masonaryတို့ ဝင်ရသည့်နေ့ဆိုလျှင် သစ်သားစတွေ၊ ဖုန်တွေ၊ သဲတွေကပ်ပါလာကာ လူပုံသည် စုတ်တိစုတ်ပဲ့လေးရှိတော့သည်။

Carpentory ခန်းတွင် ပထမနှစ်ကျောင်းသားကျောင်းသူများ အလုပ်များလျက် ရှိကြသည်။ သစ်သားနှစ်ခုကို အံဝင်ခွင်ကျဖြစ်အောင် တပ်ဆင်ရမည်။ ဆရာ၏ ရှင်းလင်းချက်ကို နားထောင်ပြီးနောက် လက်တွေ့လုပ်ကြရတော့သည်။ သင့်တော်မည့် သစ်သားအပိုင်းကို လိုက်ရှာရသည်။ လူကများ၍ သစ်သားက မများသောကြောင့် ရွေးနိုင်သည့်လူက သစ်သားကောင်းကောင်းရမည်။ နောက်ကျသည့်သူကတော့ ရွေးကျပဲ သုံးရမည်။ ကျွန်မရခဲ့သည့် သစ်သားမှာ အကွဲကြောင်း ခပ်သေးသေးရှိနေသည်။ ဆောက်နှင့် ထွင်းချိန်တွင် ထိုနေရာကို သွားထိမိလျှင် လုပ်ထားသမျှ သဲထဲရေသွန်ဖြစ်ပေမည်။ ထို့ကြောင့် သတိကြီးစွာထား၍ လုပ်နေရသည်။ သစ်သားမျက်နှာပြင် မညီ၍ ရွေပေါ်အရင်ထိုးရဦးမည်။

ကျွန်မလုပ်နေသော ခုံနှင့် မျက်နှာချင်းဆိုင်တွင် သူလည်း ရွေပေါ်ထိုးနေသည်။ ကျွန်မနှင့်သူပင် မတွေ့ရတာ ကြာပြီဖြစ်သည်။ အတန်းတက်ချိန်တွင်လည်း စာသင်ရ၊ ကျူတိုရီယယ်ဖြေရနှင့် အလုပ်ရှုပ်နေကြသည်။ ညနေကျောင်းဆင်းချိန်ကျတော့လည်း သူက မြို့ထဲပြန်မည်ဖြစ်၍ အရှေ့ပေါက်ကပြန်သည်။ ကျွန်မက ကျောင်းနောက်ပေါက်ကနေ ရွာထဲကိုဖြတ်၍ အဆောင်ပြန်သည်။

ရင်ထဲကနွေWhere stories live. Discover now